DVB Logo
Home
မြန်မာသတင်း
ဘုတ်ပြင်း ခလရ ၂၄၄ တပ်က စစ်သား ၁ ဦး တော်လှန်ရေးပူးပေါင်းအဖွဲ့ထံ ဆက်သွယ်ခိုလှုံ
DVB
·
April 20, 2025
ဘုတ်ပြင်း ခလရ ၂၄၄ တပ်က စစ်သား ၁ ဦး တော်လှန်ရေးပူးပေါင်းအဖွဲ့ထံ ဆက်သွယ်ခိုလှုံ
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့အခြေစိုက် ခလရ ၂၂၄ တပ်ရင်းက တပ်သားတယောက် ထွက်ပြေးလာပြီး ဧပြီ ၁၇ ရက် မနက် ၈ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNLA တပ်ရင်း ၂၀၃ တပ်ခွဲ ၃ က ထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်းကာလ တနှစ်ရှိတဲ့ တနင်္သာရီမြို့နယ်၊ တကူကျေးရွာသား အသက် ၃၄ နှစ်အရွယ် တပ်သား ကိုအောင်ကိုကိုဟာ ဧပြီ ၁၆ ရက်က ထွက်ပြေးလာတာဖြစ်ပြီး နောက်တရက်မှာ ဆက်သွယ်ခိုလှုံလာတာလို့ ပြောပါတယ်။

အဆိုပါတပ်သားဟာ စစ်ကောင်စီလက်အောက်မှာ မနေချင်တော့တဲ့အတွက် ထွက်ပြေးလာတာလို့ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ တယောက်က ပြောပါတယ်။

“သူက တပ်ထဲမှာ မနေချင်‌တော့ဘူး၊ အဲဒါကြောင့် အခွင့်အရေးရတာနဲ့ ထွက်ပြေးလာတယ်လို့ ပြောတယ်။ သူပြောပြတာတော့ နောက်ထပ် ထွက်ပြေးမယ့်သူတွေ ရှိသေးတယ်တဲ့၊ အခု သူ့ကို KNLA တပ်ရင်း ၂၀၃ တပ်ခွဲ ၃ မှာ ထားထားပါတယ်။”

အဲဒီ ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သားနဲ့ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၃ တပ်ခွဲ ၃ ကို ဆက်သွယ်မေးမြန်းထားပေမဲ့ လုံခြုံရေးအရ လောလောဆယ် ဖြေကြားချက်ကို ခဏစောင့်ဆိုင်းပေးပါလို့ ပြန်ကြားရေးတာဝန်ခံက ဖြေဆိုထားပါတယ်။

အဆိုပါ တရက်တည်းမှာပဲ ကော့သောင်းအခြေစိုက် ခလရ ၄၃၁ တပ်ရင်းက စစ်မှုထမ်း စုဆောင်းခံရပြီး စစ်သင်တန်းပို့ဆောင်ဖို့ လုပ်တဲ့သူတွေထဲက လူငယ် ၃ ယောက် ထွက်ပြေးလာကြပြီး အဲဒီထဲက ၂၄ နှစ်အရွယ် လူငယ်တယောက်ကတော့ ကော့သောင်း ပကဖ အဖွဲ့ထံ ဆက်သွယ်ခိုလှုံလာခဲ့တယ်လို့ ကော့သောင်းပကဖအဖွဲ့ တာဝန်ခံတယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013