DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် PDF နှင့် EAO များကို ဖိတ်ခေါ်
DVB
·
April 21, 2026
Photo: MOI 
Photo: MOI 
Donate to DVB

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ တိုင်းရင်းသားလက်နက်တပ် (EAO)တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 

စစ်အာဏာရှင်အစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ အတွင်းပြုလုပ်မဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး  ဧပြီ ၂၀ ရက်က နေပြည်တော်ရှိ သမ္မတရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မဲမသမာမှုရလဒ်တွေ အရ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင် အကြမ်းဖက်တဲ့ နည်းလမ်းကို ရွေးချယ်ခဲ့ရာကနေ PDF တွေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြောကြားလိုက်ပြီး PDF အဖွဲ့တွေ တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာစေရေး ဖိတ်ခေါ် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

တကယ်တမ်းမှာတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် မြန်မာပြည်သူအများစုနဲ့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ပါတီ ရှုံးနိမ့်ခဲ့တဲ့အတွက် စစ်တပ်က အကြမ်းဖက်အာဏာသိမ်းခဲ့တာဖြစ်ပြီး အာဏာသိမ်းမှုကို လက်မခံဘဲ နိုင်ငံရေးနည်းလမ်းနဲ့  ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုကြတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက် ပစ်ခတ် သတ်ဖြတ် ဖမ်းဆီးတာတွေ လုပ်ခဲ့တဲ့အတွက် ပြည်သူတွေက စစ်အာဏာရှင်ကို ရရာလက်နက် ဆွဲကိုင်တော်လှန်ကြရာကနေ PDF တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ 

စစ်အာဏာရှင် မင်းအောင်လှိုင်ကတော့ PDF တွေအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့နဲ့ ငြိမ်းချမ်းရေးအတွက် အလင်းဝင်ဖို့ ပြောဆိုထားတာတွေ ရှိသလို လက်ရှိမှာလည်း အလင်းဝင်တာတွေနဲ့ တောင်းဆိုတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော၊ မထိုးထားတဲ့ အဖွဲ့တွေကိုပါ ဇူလိုင် ၃၁ ရက် မတိုင်ခင် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး ငြိမ်းချမ်းရေးဆွေးနွေးရာမှာ မဖြစ်နိုင်တာတွေ မတောင်းဆိုနဲ့လို့လည်း စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ကြိုတင်ကန့်သတ်ထားလိုက်ပါတယ်။

“ရက်ပေါင်း ၁၀၀ အတွင်းမှာ လာပြီးတော့ ငြိမ်းချမ်းရေးအတွက် လာကြပါ။ EAO နဲ့ပတ်သက်ပြီးတော့ ၂ ပိုင်းရှိပါတယ်။ တပိုင်းကတော့  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထဲမှာ  NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ ရှိတယ်။ NCA လက်မှတ်ရေးထိုးထားခြင်း မပြုတဲ့အဖွဲ့တွေရှိတယ်။ အဲဒီတော့ ကျနော် ၂ ဖွဲ့လုံးကို ဖိတ်ခေါ်ပါတယ်။”

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးကတည်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေလုပ်ဖို့ EAO တွေကို အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ပေမဲ့ တဖက်သတ်တောင်းဆိုချက်တွေကြောင့် အောင်မြင်ခဲ့တာ မရှိပါဘူး။  

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တွေ့ဆုံခြင်းမရှိခဲ့တဲ့ KNU၊ CNF ၊ ABSDF စတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီးတော့ ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးတော့မှ ဆွေးနွေးခဲ့တဲ့အထဲက Union Accord ရထားတဲ့ သဘောတူညီချက်တွေကို  ပြည်ထောင်စုလွှတ်တော်တွေမှာ တင်ပြပြီးတော့ အပိုင်းလိုက် ဆွေးနွေးသွားမှာဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှာသာ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်လို့ရမှာ ဖြစ်ကြောင်းလည်း စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြောပါတယ်။

တဖက်မှာ ငြိမ်းချမ်းရေးစကားပြောနေပေမဲ့ လက်တွေ့မြေပြင်မှာတော့ တိုင်းရင်းသားဒေသတွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ နေ့စဉ်ရက်ဆက်ဆိုသလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ကနေ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုး၊ ရွာမီးရှို့၊ လူသတ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင် စတဲ့ဒေသတွေကို စစ်တပ်က နေ့စဉ် စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုက်ခိုက်တာတွေနဲ့ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့တာတွေကြောင့် ပြည်သူတွေ သိန်းနဲ့ချီ စစ်ပြေးတိမ်းရှောင်နေရသလို လူနေအိမ်တွေ၊ ဘုန်းကြီးကျောင်း၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေလည်း မီးရှို့ဖျက်ဆီးခံထားရပါတယ်။

စစ်တပ်အာဏာသိမ်း ၅ နှစ်တာကာလအတွင်း ကျေးရွာတွေရှိ နေအိမ်ပေါင်း ၁ သိန်းကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းက‌ နေအိမ် ၇၀,၀၀၀ ကျော်ပါဝင်တယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013