စစ်ကိုင်းပြတ်ရွေ့ကြောတလျှောက် ငလျင်ကြီးကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ မိုင် ၃၄၀ ကျော် မြေအက်ကွဲကြောင်းကို TSBM - The Spirit of Brotherhood Mission အဖွဲ့က လက်လှမ်းမီသလောက် ကွင်းဆင်းမှတ်တမ်းတင်နေပါတယ်။
ကွဲနေတဲ့ မြေလွှာအက်ကွဲကြောင်းဟာ ၁ ပေ၊ ၂ ပေလောက်ကနေ ပေ ၇၀ လောက်အထိနက်ပြီး ပင်မအက်ကွဲကြောင်းတွေဟာ နံဘေးမှာ အပြိုင်အက်ကွဲကြောင်းငယ် တခု နှစ်ခုနဲ့အတူ တောင်မြောက် ကွဲအက်နေတယ်လို့ ကွင်းဆင်းအဖွဲ့ဝင်တယောက်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားပါတယ်။
အခုငလျင်ကြောင့် မြေလွှာအက်ကွဲ ရွေ့လျားရာမှာ အရှေ့အရပ်မှာရှိတဲ့မြေက တောင်ဘက်မှာ ကျန်ခဲ့ပြီး အနောက်အရပ်ကမြေကတော့ မြောက်ဘက်ကို ရွေ့သွားခဲ့တာပါ။
လက်ရှိအထိ သတိထားမိသလောက်တော့ သာစည်မြို့နယ်၊ ဘုရားလေးကုန်း ရွာတွင်းလမ်းမှာတော့ အရှေ့က မြောက်၊ အနောက်က တောင် ပြတ်ထွက်ရွေ့လျားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အဖွဲ့ဝင်တယောက်ကလည်း အက်ကွဲကြောင်းနဲ့ ကန့်လန့်ဖြတ် ၉၀ ဒီဂရီရှိနေတဲ့ လမ်း စတာတွေက ၁၂ ပေလောက်အထိ လွဲသွားပြီး ၄၅ ဒီဂရီလောက်ဆိုရင်တော့ ၅ ပေလောက်အထိ လွဲသွားတယ်လို့ ရေးသားထားပါတယ်။
ကွင်းဆင်းအဖွဲ့တွေဟာ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်နဲ့ သာစည်မြို့တို့မှာ မြေလွှာအက်ကွဲကြောင်းကို မှတ်တမ်းတင်နေတာ ဖြစ်ပါတယ်။
ဒေသခံတွေဟာ ငလျင်နဲ့ပတ်သက်တဲ့ အွန်လိုင်းက ကောလာဟလတွေကြောင့် စိုးရိမ်စိတ်တွေ များနေတာကို တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။