
မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွေ့တောင်ဘက်ပိုင်းဟာ နှစ် ၁၀၀ မှာ တကြိမ် ငလျင်ကြီး လှုပ်ခတ်လေ့ရှိတဲ့ဖြစ်စဉ် ပြည့်ဖို့နီးကပ်လာတာကြောင့် ဘန်ကောက်ဟာ ပြင်းထန်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ထိုင်းအင်ဂျင်နီယာနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
သမ္မဆတ်တက္ကသိုလ်မှာ စက်တင်ဘာ ၄ ရက်က လုပ်တဲ့ ဘေးအန္တရာယ်ဆိုင်ရာ ဘာသာရပ်စုံ ဆွေးနွေးပွဲမှာ ပြောတာဖြစ်ပြီး ပြည်သူတွေ၊ မြို့တော်အာဏာပိုင်တွေအနေနဲ့ အရင်က ဖြစ်ခဲ့တဲ့ ငလျင်တွေကို ခပ်ပေါ့ပေါ့ သဘောမထားကြဖို့ သတိပေးခဲ့ပါတယ်။
စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက်ပိုင်းမှာ နောက်ဆုံး အပြင်းအထန်ငလျင်လှုပ်ခဲ့တာ ၉၆ နှစ်ရှိပြီ ဖြစ်လို့ မကြာခင် နောက်ထပ် ပြင်းထန်တဲ့ ငလျင်တခု လှုပ်ရှားနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်း သုံးသပ်ကြတာပါ။
အဲဒီငလျင်ရဲ့ ဗဟိုချက်ဟာ ဘန်ကောက်နဲ့ ပိုနီးမှာဖြစ်လို့ ပျော့ပြီး ငလျင်လှိုင်းကို ပိုပြင်းစေတဲ့ ဘန်ကောက်ရဲ့ မြေလွှာကြောင့် ပိုပြီး သက်ရောက်စေမယ်လို့ ဆိုပါတယ်။
သမ္မဆတ်တက္ကသိုလ်ရဲ့ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ မဟာဌာနက ပါမောက္ခ ဒေါက်တာ နခွန် ဖူဝါရိုဒွမ်က သဘာဝဘေးအန္တရာယ်ရဲ့ ပြင်းအားကို ဆုံးဖြတ်ရာမှာ ရုပ်ပိုင်းဆိုင်ရာ တုန်ခါမှုပြင်းအား တခုတည်းမဟုတ်ဘဲ မြို့ပြရဲ့ ကြိုတင်ပြင်ဆင်မှုနဲ့ အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုတို့ကပဲ အဓိကအဆုံးအဖြတ်ပေးတယ်လို့ ပြောပါတယ်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လက ဂျပန်နိုင်ငံ၊ ခူမာမိုတိုမှာ လှုပ်ခဲ့တဲ့ငလျင်ဟာ မြေပြင်တုန်ခါမှု အမြင့်ဆုံးအရှိန် (PGA) ၂ ဒသမ ၄ အထိ အလွန်မြင့်မားခဲ့ပေမဲ့ အခြေခံအဆောက်အအုံတွေရဲ့ ခိုင်မာမှုကြောင့် သေပျောက်ဒဏ်ရာရသူ နည်းတယ်လို့ သူက ဆိုပါတယ်။
ဆန့်ကျင်ဘက်အားဖြင့် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က မန္တလေးမြို့နားကို ဗဟိုပြုလှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်ဟာ ဘန်ကောက်မြို့မှာ PGA ၀ ဒသမ ၀၂ ပဲရှိခဲ့ပေမဲ့ ဘန်ကောက်မှာ လူအများကြီး သေဆုံးခဲ့ရတယ်လို့ နှိုင်းယှဉ်ထောက်ပြပါတယ်။
ဒေါက်တာ နခွန်ဖူဝါရိုဒွမ် က “ပြီးခဲ့တဲ့နှစ်က ငလျင်ကို တသက်မှာ တကြိမ်ပဲ ဖြစ်တတ်ပြီး နောက်ထပ် ပြန်မဖြစ်တော့မဲ့ ဖြစ်စဉ်တခုအဖြစ် အများပြည်သူက မယူဆသင့်ပါဘူး။ စစ်ကိုင်းပြတ်ရွေ့ဟာ ကမ္ဘာပေါ်မှာ အလှုပ်ခတ်ဆုံး ပြတ်ရွေ့စနစ်တွေထဲက တခုပါ။ ထိုင်းနိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိစေမဲ့ အင်ဂျင်နီယာစည်းမျဉ်းတွေနဲ့ စံချိန်စံညွှန်းဆိုင်ရာ သုတေသနတွေ ရှိနှင့်ပြီးသား ဖြစ်ပေမဲ့ တရားဝင် ပြဋ္ဌာန်းထားတဲ့ စံနှုန်းတွေနဲ့ လက်တွေ့ လိုက်နာမှုကြားမှာ စိုးရိမ်စရာ ဟာကွက်ကြီး ရှိနေတုန်းပါပဲ” လို့ ပြောပါတယ်။
ငလျင်ဒဏ်ခံ အဆောက်အအုံစည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် စိစစ်ကြပ်မတ်ဖို့နဲ့ ဝယ်သူ၊ ငှားရမ်းသူတွေအနေနဲ့လည်း အထပ်မြင့်အဆောက်အအုံတွေဆီ မပြောင်းရွှေ့မီ အဆောက်အအုံ ကြံ့ခိုင်မှုဆိုင်ရာ လုံခြုံရေးစာရွက်စာတမ်းတွေ တောင်းဆိုကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
သီရိန္ဓရ အပြည်ပြည်ဆိုင်ရာ နည်းပညာတက္ကသိုလ် (SIIT) က တွဲဖက်ပါမောက္ခ ဒေါက်တာ သီရယု သိုရာနွန်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၇၀ ပြည့်နှစ်က ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၅ သိန်းလောက် သေဆုံးခဲ့ရပေမဲ့ ၂၀၂၀ ပြည့်နှစ်က အဲဒီလိုမုန်တိုင်းမျိုး တိုက်ခတ်ချိန်မှာ ခေတ်မီ သတိပေးစနစ်တွေကြောင့် သေဆုံးသူ ၂၆ ယောက်ပဲရှိခဲ့တယ်လို့ ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ ငလျင်ကြောင့် မြန်မာနိုင်ငံကို သက်ရောက်မဲ့အကြောင်း မပါရှိပေမဲ့ ထိုင်းနိုင်ငံ မိုးလေဝသဌာနဟာ မြန်မာနိုင်ငံမှာလှုပ်ရှားနေတဲ့ ငလျင်အသေးလေးတွေကစလို့ အမြဲမှတ်တမ်းတင် ဖော်ပြနေပါတယ်။
မှတ်တမ်းတွေအရ ၁၈၃၉ ခုနှစ်က အင်အား ၈ ဒသမ ၂ လောက်ရှိတဲ့ ငလျင်ကြီး အင်းဝမှာ လှုပ်ရှားခဲ့ပြီး နောက် ၉၁ နှစ်အကြာမှာ အင်အား ၇ ဒသမ ၅ ရှိတဲ့ ပဲခူးငလျင်ကြီးလှုပ်လို့ လူပေါင်း ၇,၀၀၀ လောက် သေဆုံးခဲ့ပါတယ်။
Source: The Nation











