
အမေရိကန်သမ္မတထရမ့်ပ်အမိန့်နဲ့ VOA သတင်းဌာနရဲ့ လုပ်ငန်းတွေရပ်ဆိုင်းထားတာနဲ့ ပတ်သက်ပြီး ရှေ့ဆက်ဘာမှမလုပ်ဖို့ ယာယီတားမြစ်ထားတဲ့ တရားရုံးအမိန့်ကို မြို့တော် ဝါရှင်တန်ဒီစီ ခရိုင်တရားရုံးက ဒေသစံတော်ချိန် ဧပြီ ၁၈ ရက်မှာ သက်တမ်းထပ်တိုးလိုက်ပါတယ်။
ဒီစီခရိုင်တရားသူကြီးရဲ့ အမိန့်စာမှာ ယာယီသက်တမ်းကာလကို ဧပြီ ၁၈ ရက်မှ ဧပြီ ၂၂ ရက်အထိ တိုးမြှင့်ထားပြီး အမှုနဲ့ ပတ်သက်တဲ့ သူ့ရဲ့အမိန့်ကို ဒီရက်ပိုင်းအတွင်း ဆက်လက်ထုတ်ပြန်မယ်လို့ ဖေါ်ပြပါတယ်။
ဧပြီ ၁၇ ရက်က မြို့တော်ဝါရှင်တန်ဒီစီ ခရိုင်တရားရုံးမှာ သမ္မတထရမ့်ပ်အမိန့်နဲ့ VOA လုပ်ငန်းတွေရပ်ဆိုင်းထားတာကို ကန့်ကွက်ခဲ့တဲ့ VOA ဂျာနယ်လစ်တွေရဲ့ အမှုကို ဒီစီခရိုင်တရားသူကြီးက နှစ်ဖက်ကြားနာခဲ့တာပါ။
ပထမအကြိမ်ရုံးချိန်းကို နယူးယောက်မြို့တောင်ပိုင်းခရိုင်တရားရုံးမှာ မတ် ၂၈ ရက်တုန်းက စစ်ဆေးခဲ့ပြီး ဒီအမှုကို ဝါရှင်တန်ဒီစီခရိုင်တရားရုံးမှာ ဆက်လက်ကြားနာခဲ့တာဖြစ်ပါတယ်။
VOA မြန်မာပိုင်း အစီအစဉ်တင်ဆက်သူ ဒေါ်အင်ကြင်းနိုင်က “VOA ရဲ့ဝန်ထမ်းတွေအပြင် VOA ရဲ့ ဒါရိုက်တာကလည်း သူကိုယ်တိုင် USAGM ရဲ့ ဦးဆောင်သူတွေကို တရားစွဲထားတယ်။ အဓိကကတော့ သမ္မတထရမ့်ပ်ရဲ့အမိန့်နဲ့ USAGM ကြီးတခုလုံးကို ပိတ်လိုက်တာဟာ တရားဥပဒေနဲ့မညီဘူးပေါ့နော်။ VOA ကို လွှတ်တော်ကနေပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့ ဖွဲ့စည်းထားတဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာတွေကို သမ္မတအမိန့်က ချိုးဖောက်တယ်ဆိုတာမျိုးနဲ့ တရားစွဲဆိုထား တာဖြစ်ပါတယ်။ ဒီအမှုတွေကို ဒီစီခရိုင်တရားရုံးက တရားသူကြီးက ကြားနာစစ်ဆေးနေပါတယ်” လို့ပြောပါတယ်။
လတ်တလောမှာ VOA ဂျာနယ်လစ်တွေ စွဲဆိုထားတဲ့အမှုကို စစ်ဆေးနေစဥ်ကာလအတွင်း သမ္မတထရမ့်ပ်အစိုးရဘက်က ဘာမှဆက်မလုပ်ဖို့ဆိုတဲ့ ယာယီတားမြစ်တဲ့ အမိန့်ကို တရားသူကြီးတွေက ချမှတ်ထားပါတယ်။
VOA ရဲ့ ဒါရိုက်တာ Michael Abramowitz စွဲဆိုထားတဲ့အမှုကိုလည်း ဧပြီ ၁၇ ရက်မှာ ဒီစီခရိုင်တရားရုံးက တပြိုင်တည်း ကြားနာစစ်ဆေးခဲ့ပါတယ်။
သမ္မတထရမ့်ပ်အမိန့်နဲ့ VOA အသံလွှင့်လုပ်ငန်းတွေ ရပ်ဆိုင်းထားမှုဟာ လွှတ်တော်ရဲ့ ပြဋ္ဌာန်းချက်ကို အစိုးရက ချိုးဖောက်ရာရောက်နေတယ်ဆိုတဲ့စွဲချက်နဲ့ ဖက်ဒရယ်တရားရုံးမှာ VOA ဒါရိုက်တာကတရားစွဲဆိုထားတာပါ။
ဒေါ်အင်ကြင်းနိုင်က “ကျမတို့ အလုပ်တွေကိုအမြန်ဆုံးပြန်သွားပြီးတော့ ပုံမှန်အလုပ်တွေ လည်ပတ်နိုင်ရေးဆိုတဲ့ ကျမတို့ရဲ့တောင်းဆိုချက်ကိုတော့ တရားသူကြီးအနေနဲ့ ချမှတ်ပေးဖို့ ကျမတို့က မျှော်လင့်ထားတယ်။ တရားသူကြီး ဘယ်လိုချမှတ်မယ်ဆိုတဲ့အဓိက ဆုံးဖြတ်ချက်တော့ မရောက်သေးဘူး။ အနည်းဆုံးတော့ ယာယီပေါ့ အားလုံးရပ်ဆိုင်းထားဖို့ဆိုတဲ့ အမိန့်ပေါ့လေ၊ အဲ့ဒါမျိုးတော့ တရားသူကြီးဆီက ချမှတ်လိမ့်မယ်လို့ ကျမတို့မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။
သက်တမ်း ၈၃ နှစ်ကျော်ကြာ လည်ပတ်ခဲ့တဲ့ VOA အသံလွှင့်လုပ်ငန်းတွေကို မတ် ၁၅ ရက်မှာ သမ္မတရဲ့ အထူးလုပ်ပိုင်ခွင့်အမိန့်နဲ့ အစိုးရအေဂျင်စီ USAGM က ရုတ်တရက် ရပ်ဆိုင်းခဲ့တာပါ။
အသံလွှင့်လုပ်ငန်းတွေ ရပ်ဆိုင်းပြီးနောက် VOA ရဲ့ ထုတ်လွှင့်ချက်တွေကို နားဆင်ကြည့်ရှုနေတဲ့ မြန်မာအပါအဝင် ကမ္ဘာတဝန်းက ပရိသတ် သန်းပေါင်း ၃၆၀ ကျော်အတွက် နိုင်ငံတကာ သတင်းမှန်တွေသိရဖို့ နစ်နာစေတယ်လို့ VOA ဂျာနယ်လစ်တွေက အချက်အလက်တွေကို ကိုးကားပြောပါတယ်။
မြန်မာနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လူသိန်းပေါင်းများစွာအတွက် နိုင်ငံတကာ ကယ်ဆယ်ရေးအကူအညီသတင်းတွေ၊ အခြေအနေမှန်တွေကို VOA မြန်မာပိုင်းအနေနဲ့ တင်ပြခွင့်မရတာဟာ မြန်မာပြည်သူတွေအတွက် ထိခိုက်စေတယ်လို့ VOA မြန်မာပိုင်းဝန်ထမ်း တချို့က ပြောပါတယ်။
သုတချမ်းသာ