
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရတဲ့ လူငယ် ၃ ယောက် ရှေ့တန်းမပို့ခံရခင် ဧပြီ ၁၆ ရက်ညဘက်မှာ ထွက်ပြေးခိုလှုံလာတယ်လို့ ကော့သောင်းမြို့နယ် ပကဖအဖွဲ့ဆီက သိရပါတယ်။
လူငယ် ၃ ယောက်ဟာ ဖေဖော်ဝါရီလပိုင်းက ထိုင်းကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၂၁၉ ယောက်ထဲမှာပါဝင်ပြီး ကော့သောင်းအခြေစိုက် ခမရ ၄၃၁ တပ်ရင်းထဲကို အပတ်စဥ် ၁၂ အတွက် စစ်မှုထမ်းစုဆောင်းခံရတဲ့ ၁၀၃ ယောက်ထဲမှာ ပါသွားခဲ့တာလို့ ပြောပါတယ်။
အဲ့ဒီနောက် ခမရ ၄၃၁ တပ်ရင်းထဲမှာ တလနီးပါးထိန်းသိမ်းခံရကာ ရှေ့တန်း မပို့ခင် သူတို့ ၃ ယောက် တိုင်ပင်ပြီးထွက်ပြေးလာတာလို့ ကော့သောင်းမြို့နယ် ပကဖအဖွဲ့ တာဝန်ခံ ကိုအင်းဘီလူးက ပြောပါတယ်။
“ဘယ်နေရာပို့မလဲ သိဘူး။ တပ်ထဲမှာထားတုန်းက သူတို့ကို စည်းကမ်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ရိုက်နှက်တာ ရှိတယ်။ အခု ၃ ယောက်မှာကျတော့ လူသစ်တွေပါ ထွက်ပြေးရင်း လူစုကွဲသွားသေးတယ်။ ၂ ယောက်တဖွဲ့ ၁ ယောက်တဖွဲ့ ကွဲတယ်။ ၂ ယောက်က ကျနော်တို့ဘက်ကို မဆက်သွယ်လာတော့ အခြေအနေမသိရသေးဘူး။"
လူငယ် ၃ ယောက်ထဲက အသက် ၂၄ နှစ်အရွယ် မြိတ်ဒေသခံ ကိုအောင်စိုးဟာ ဧပြီ ၁၇ ရက်မှာ ကော့သောင်းမြို့နယ်ပကဖအဖွဲ့ထံ ဖုန်းဆက်သွယ်ကာ လာရောက်ခိုလှုံခဲ့တယ်လို့ ကိုအင်းဘီလူးက ပြောပါတယ်။
“ထွက်ပြေးလာသူ ပြောပြချက်အရ သူတယောက်ပဲ ကျန်တယ်။ ကင်းသမား ၂ ယောက်နဲ့ သူတယောက်တည်း နပန်းသတ်တော့ သူတို့တပ်က တူးထားတဲ့ ဘန်ကာကျင်းထဲကို ကိုယ်ခန္ဓာကိုယ် ဝဝနဲ့ စစ်သားပြုတ်ကျသွားတယ်။ နောက်တယောက်နဲ့ ကျတော့ သတ်ပုတ်ရင်း ဓားလုပြီးထိုးလိုက်တယ် ပြောတယ်။ ဘယ်နေရာ ထိုးလိုက်တယ်ဆိုတာ မသိဘူး။ သူလည်း သွေးရူးသွေးတန်း ပြေးလာတာတဲ့။"
ဒီမတိုင်ခင် သူတို့အရှေ့မှာ ထွက်ပြေးတဲ့သူတွေရှိပြီး ပထမအကြိမ် ထွက်ပြေးလာသူ ၅ ယောက်ထဲက တယောက် လွတ်မြောက်ပြီး ၄ ယောက် ဖမ်းဆီးခံရကာ ဒုတိယအကြိမ်မှာတော့ ၃ ယောက် ထပ်ထွက်ပြေးရာ အကုန်ပြန်ဖမ်းမိပြီး သေလုနီးပါး ရိုက်နှက်နှိပ်စက်ခံရတယ်လို့ ထွက်ပြေးလာသူက ပြန်ပြောပြတယ်လို့ ဆိုပါတယ်။
ထွက်ပြေးခိုလှုံလာတဲ့ ကိုအောင်စိုးကို လတ်တလော စောင့်ရှောက်ပေးထားပြီး သူ့အနေနဲ့ စစ်အာဏာရှင်ကို ပြန်တော်လှန်ရာဖို့ ကော့သောင်း ပကဖအဖွဲ့နဲ့ ပူးပေါင်းမှာဖြစ်တယ်လို့ ကိုအင်းဘီလူးက ပြောပါတယ်။
စစ်ကောင်စီဟာ ရှေ့တန်းစစ်မျက်နှာပြင်ကို ပို့ဆောင်ဖို့ ထိုင်းမှာ ပြစ်ဒဏ်ကျပြီး နေရပ်ပြန်ပို့တဲ့ လူငယ်လူရွယ်တွေကို စစ်မှုထမ်းစုဆောင်းပြီး မြိတ်၊ ပုလော၊ ပလောက် စတဲ့ မြို့နယ်တွေက စစ်သင်တန်းကျောင်းတွေကို အရင်ပို့ဆောင်တယ်လို့ သိရပါတယ်။