DVB Logo
Home
မြန်မာသတင်း
မကွေးထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသည့် အကျဉ်းသားအချို့ ပြန်လွတ်မလာသေး
DVB
·
April 19, 2025
မကွေးထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသည့် အကျဉ်းသားအချို့ ပြန်လွတ်မလာသေး
Donate to DVB

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာပါတဲ့  မကွေးဗဟိုအကျဉ်းထောင်က အကျဉ်းသူ၊ အကျဉ်းသားတချို့ ပြန်လွတ်မလာသေးဘဲ ဆက်လက် ချုပ်နှောင်ခံနေရတယ်လို့ လွတ်မြောက်လာသူတွေဆီက သိရပါတယ်။

ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ စစ်ကောင်စီက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်တွေပေးခဲ့ပေမဲ့ မကွေး-ရေနံချောင်း ကားလမ်းပေါ်မှာရှိတဲ့ မကွေးဗဟိုအကျဉ်းထောင်က လွတ်မြောက်သင့်တဲ့ အကျဉ်းသားတွေ လွတ်မလာခဲ့တာပါ။

လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူတယောက်က “၅၀၅ နဲ့ က ၁၁ ယောက် ကျန်တာတွေကတော့ အခြားမှုတွေ။ အားလုံးအယောက် ၁၁၅ ယောက်လွတ်မယ်လို့ ထောင်ပိုင်နဲ့အဖွဲ့က ကြေညာတယ်။ ဒါပေမဲ့ အကုန်လုံးလွှတ်မပေးဘူး။ အရင်ရက်က ထောင်ထဲကို ရှော့တိုက်ဒုံးနဲ့အပစ်ခံရပြီး အကျဉ်းသားတွေ လုံခြုံရေးအတွက် တောင်းဆိုတဲ့အချိန် သူတို့ ထောင်ဝန်ထမ်းတွေကို ပြန်ခုခံလို့ဆိုပြီးတော့ ထောင်တွင်းပြစ်ဒဏ်တွေနဲ့ ကျန်ခဲ့တဲ့သူတွေလည်း ရှိနေတယ်။ မီနီဘတ်စ် အသေး ၂ စီးနဲ့ ထောင်အပြင်ပြန်ရောက်လာတာကတော့ ၇၀ လောက်ပဲရှိတယ်။ ၅၀၅ သမားတချို့လည်း ထောင်တွင်းပြစ်ဒဏ်တွေနဲ့ ကျန်နေခဲ့တာတွေ ရှိခဲ့တယ်” လို့ ပြောပါတယ်။

ဧပြီ ၁၃ ရက် ညနေပိုင်းက မကွေးဗဟိုအကျဉ်းထောင်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ ထောင်ဝန်ထမ်းတချို့ထိခိုက်သေဆုံးခဲ့ပြီး ထောင်အတွင်းမှာရှိနေတဲ့ ထောင်ကျမှတ်ပုံတင်ရုံးလည်း ပျက်စီးသွားခဲ့သလို ထောင်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီ လက်အောက်ခံတွေရဲ့ ပစ်ခတ်မှုကြောင့် အကျဉ်းသားတချို့လည်း သေဆုံးထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးမင်းမင်းစိုး ဆီကို DVB က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရရှိသေးပါဘူး။

ဧပြီ ၁၃ ရက်နေ့ ညနေပိုင်းမှာ အကျဉ်းသားတွေကိုကယ်ထုတ်ဖို့ မကွေးဗဟိုအကျဉ်းထောင်ကို တိုက်ခိုက်ခဲ့တာလို့လည်း ဒေါင်းစစ်အောင် LPDF က ဆိုပါတယ်။

နိုင်ကျဉ်းတယောက်ရဲ့ မိသားစုဝင်တယောက်က “အကျဉ်းသားတွေကိုကယ်ထုတ်ဖို့ တိုက်ခိုက်တယ် ဆိုတဲ့ရည်ရွယ်ချက်က ကောင်းပါတယ်။ မစို့မပို့သွားလုပ်တော့ အတွင်းထဲကလူတွေပဲ ကြပ်ကုန်တာပေါ့” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်းမိုးညို၊ မကွေးတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းက ဝန်ကြီးတွေနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို မကွေးဗဟိုအကျဉ်းထောင်မှာ မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်ထားတာဟာ ၄ နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013