DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်းမြို့နယ်ကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၁၂ ဦးထက်မနည်းသေဆုံး
DVB
·
April 19, 2025
သပိတ်ကျင်းမြို့နယ်ကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၁၂ ဦးထက်မနည်းသေဆုံး
1 / 12
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီတပ်က ဧပြီ ၁၈ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ၁၂ ယောက်ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ ရောင်နီနွေဦးအဖွဲ့ တာဝန်ရှိသူတယောက်က “သပိတ်ကျင်းမြို့နယ်ထဲက မန္တလေး-မိုးကုတ် ကားလမ်းပေါ်မှာရှိတဲ့ လိပ်ကျရွာကို နောက်တကြိမ်ဗုံးကြဲသွားတာပါ။ အရင်တရက်ကျော်က တခါကြဲတယ်။ အဲဒီတုန်းကတော့ လူထိခိုက်တာမရှိဘူး။ အခုကတော့ ရွာထဲကလူစည်ပြီး စျေးဆိုင်တွေရှိတဲ့နေရာကိုကျတော့ ပြည်သူတွေတော်တော်လေး အသေအပျောက်များတယ်” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လိပ်ကျကျေးရွာက ကလေးငယ် ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက် အပါအဝင် ပြည်သူ ၁၂ ယောက်ထက်မနည်းသေဆုံး၊ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြသလို လူနေအိမ်အဆောက်အအုံတွေလည်းပျက်စီးသွားတယ်လို့ သိရပါတယ်။

ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ်ဟာ လိပ်ကျကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီ ၁၈ ရက် နေ့လယ်ပိုင်းမှာလည်း စဉ့်ကူးမြို့နယ်ထဲက ကျည်တောက်ပေါက်ကျေးရွာလယ်မှာရှိတဲ့ စာသင်ကျောင်းနဲ့လူစည်ကားတဲ့ စျေးဆိုင်တွေကြားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွာခံပြည်သူတချို့ ထိခိုက်ဒဏ်ရာတွေရခဲ့ကြပြီး စာသင်ဆောင်နဲ့ တခြားပြည်သူပိုင်အဆောက်အအုံတချို့လည်း ပျက်စီးသွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့သင်္ကြန်ကာလအတွင်း မန္တလေးတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးထားတဲ့ မြို့နယ်တွေထဲကို စစ်ကောင်စီက နေ့စဉ်ရက်ဆက် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

သပိတ်ကျင်းမြို့နယ် ပကဖ တာဝန်ခံ ကိုနဂါးနီ က “ကျနော်တို့ သပိတ်ကျင်းမြို့နယ်ထဲ တင်မကပါဘူး။ စဉ့်ကူးလို၊ မတ္တရာလို၊ ငါန်းဇွန်လို တော်လှန်ရေးအင်အားစုတွေ စိုးမိုးတဲ့နယ်မြေတွေကို လေကြောင်းတိုက်ခိုက်တာတွေက သင်္ကြန်အကြိုနေ့ကတည်းကနေ နှစ်ဆန်း ၁ ရက်နေ့အထိ သင်္ကြန်တတွင်းလုံးပါပဲ။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ကို ကျေးရွာတွေကို ပစ်မှတ်ထားပြီးတော့ ဗုံးကြဲနေတာပါ။ သင်္ကြန်တတွင်းလုံး လေကြောင်းကနေဗုံးကြဲတဲ့ဖြစ်စဉ်က အကြိမ်ရေ ၂၀ နီးပါးရှိခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ်ထဲက ချောင်းကြီးကျေးရွာကိုလည်း ဧပြီ ၁၃ ရက် ညပိုင်းမှာ ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက်လည်း ရွာခံအမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ သေဆုံး၊ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသလို လူနေအိမ် ၁၅ လုံးထက်မနည်းပျက်စီးခဲ့ရသေးတယ်လို့ ကိုနဂါးနီ က ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ယာယီ အပစ်အခတ် ရပ်စဲထားမယ်လို့ ကြေညာထားပေမယ့် ငလျင်ဒဏ်ကိုအပြင်းအထန်ခံခဲ့ရတဲ့ မန္တလေးတိုင်း အတွင်းမှာ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ လေကြောင်း အန္တရာယ်လွတ်ကင်းမယ့် ဗုံးခိုကျင်းတွေအတွင်း ဝင်ရောက်နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013