
ကိုလံဘီယာနိုင်ငံမှာ ခြင်ကိုက်ခံရတာကနေ ပြန့်ပွားတဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ Yellow Fever ရောဂါ ဖြစ်ပွားမှုတွေ မြင့်တက်လာတာကြောင့် ကိုလံဘီယာအစိုးရဟာ ဧပြီ ၁၆ ရက် နှောင်းပိုင်းမှာ နိုင်ငံတဝန်း ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
အဲဒီရောဂါဖြစ်ပွားမှုကြောင့် မနှစ်က အစပိုင်းကတည်းက အတည်ပြုထားတဲ့ ရောဂါဖြစ်ပွားမှု ၇၄ ခုနဲ့ သေဆုံးမှု ၃၄ ခု ရှိခဲ့တယ်လို့ ကျန်းမာရေး၀န်ကြီး ဂီလ်ယာမို အယ်လ်ဖွှန်ဆို ဟာရာမီယိုက ပြောကြားခဲ့ပါတယ်။
Yellow Fever ဟာ အေဒီးစ်ခြင်နဲ့ ဟဲမာဂေါဂပ်စ် ခြင်တို့ အကိုက်ခံရတာကနေ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပါတယ်။
ကိုလံဘီယာ အနောက်အလယ်ပိုင်းရှိ တိုလီမာနယ်မြေမှာ ရောဂါဖြစ်ပွားမှု ၂၂ ခုကို တွေ့ရှိခဲ့ပြီး အစိုးရိမ်ရဆုံး အခြေအနေဖြစ်ကြောင်း ကျန်းမာရေး၀န်ကြီး ဟာရာမီယိုက ပြောပါတယ်။
“ဒါဟာ သေစေနိုင်လောက်တဲ့ ရောဂါဖြစ်ပြီး ရောဂါပိုး ကူးစက်ခံရသူတွေရဲ့ ၅၀ ရာခိုင်နှုန်း နီးပါးကို ထိခိုက်စေတဲ့ရောဂါ ဖြစ်ပါတယ်” လို့လည်း သူက ဆိုပါတယ်။
ကပ်ရောဂါပျံ့နှံ့မှုကို လျော့ပါးသက်သာစေဖို့ ကူညီဆောင်ရွက်ပေးတဲ့အနေနဲ့ မြို့တော် ဘိုဂိုတာရှိ သယ်ယူပို့ဆောင်ရေးဂိတ်မှာ ယာယီ ဆေးကုသရုံ အမျိုးမျိုးကို တည်ဆောက်ပေးထားပါတယ်။
ဒါဟာ စိုးရိမ်စရာအခြေအနေဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကာကွယ်ဆေးထိုးဖို့ သတိထားရမှာ ဖြစ်ကြောင်းနဲ့ ဗိုင်းရပ်စ် သယ်ဆောင်ထားတဲ့သူတွေက ခရီးသွားလာဖို့ကို ရှောင်ကြဉ်ရမှာဖြစ်ကြောင်း ကိုလံဘီယာနိုင်ငံသား ဗီဗီယာနာ ကင်တယ်ရိုက ပြောပါတယ်။
Source : Reuters