ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသမှာ ငလျင်ဒဏ် အပြင်းအထန်ခံစားရပြီး ရက်ပေါင်း ၂၀ ကျော်ကြာတဲ့အထိ ပြန်လည်ထူထောင်ရေးတွေ ပြန်မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “ခုထိ အိမ်လည်း မပြန်ရဲသေးဘူး။ အဒေါ်တို့အိမ်က စောင်းနေပြီ၊ ပြိုတော့မပြိုဘူး။ ငလျင်က နေ့တိုင်းလိုလို ဆက်လှုပ်နေတော့ ကြောက်နေတာ။ အိမ်လည်း ပြန်မပြင်ရဲသေးဘူး” လို့ ပြောပါတယ်။
ငလျင်ဒဏ်သင့်ခဲ့တဲ့ ကျေးရွာတွေမှာ အလှူရှင်တွေက လာရောက်ကူညီမှုရှိပေမဲ့ စားနပ်ရိက္ခာ၊ စောင်တွေသာ လှူဒါန်းမှုများပြီး ရေသန့်၊ ခြင်ထောင်၊ ခြင်ဆေးခွေ၊ အမျိုးသမီး လစဉ်သုံး ပစ္စည်းက လှူဒါန်းမှုနည်းလို့ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။
အင်းလေးဒေသမှာ မတ် ၂၈ ရက်က လှုပ်ခတ်တဲ့ငလျင်ကြောင့် ကျေးရွာ ၂၀ ကျော်က နေအိမ် ၃,၀၀၀ ကျော် ပျက်စီးသွားပြီး လူ ၈၉ ယောက် သေဆုံးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က မတ် ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Photo : DVB