ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ထဲက မူလာဒီရွာမှာ ဆင်တကောင် သောင်းကြမ်းပြီး ရွာခံ ၄ ယောက်ထိ သေဆုံးသွားပါတယ်။
မူလာဒီရွာခံတွေဟာ ဧပြီ ၁၆ ရက်မှာ ရှင်ပြန်ထမြောက်ပွဲအတွက် ဖက်ရွက်ရှာကြချိန်မှာ ဆင်တကောင်နဲ့ တွေ့ခဲ့ပြီး အမျိုးသမီးတယောက် ဆင်နင်းခံရကာ အပိုင်းပိုင်းသတ်ဖြတ်ခံရသလို ရွာကိုလည်း ဆင်၀င်ရောက်ကာ နောက်ထပ် ၂ ယောက် ဆင်နင်းခံရတာလို့ ရွာခံတယောက်က DVB ကို ပြောပါတယ်။
“ဆင်နင်းသတ်ဖြတ်ခံရတာက ၃ ဦးပါ။ နောက်မိခင်တဦးက အကြောက်လွန်ပြီး သေဆုံးသွားတယ်။ ဆင်က ပိုင်ရှင်လည်း ရှိတယ်ပြောတယ်။ ဆင်ကိုသတ်ပေးဖို့ စစ်သားတွေကို အကူအညီ တောင်းထားပေမဲ့ ခုထိ မသတ်ပေးသေးဘူး။”
ဧပြီ ၁၆ ရက်မှာ ပထမဆုံး ဆင်ရဲ့သတ်ဖြတ်ခံရသူ အမျိုးသမီးရဲ့ အလောင်းကိုလည်း ခြေနှစ်ဖက်နဲ့ ပုခုံးတဖက်သာ ကောက်နိုင်ခဲ့တာဖြစ်တယ်လို့ ရွာခံဖြစ်သူက ဆက်ပြောပါတယ်။
မူလာဒီရွာခံတွေဟာ ဆင်သောင်းကျန်းသတ်ဖြတ်နေလို့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီး နေအိမ်ခိုင်တဲ့ နေရာတွေနဲ့ ဘုရားကျောင်းတို့မှာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ပူတာအိုခရိုင်မှာ ပိုင်ရှင်ရှိ ဆင်သောင်းကြမ်းလို့ ဒေသခံတွေ သတ်ဖြတ်ခံရတဲ့အပြင် ပူတာအို-မြစ်ကြီးနား ကားလမ်းမနဲ့ ရွှေမှော်တို့မှာလည်း တောဆင်ရိုင်းသောင်းမှုကို ဒေသခံတွေ ကြုံနေရတာ ဖြစ်ပါတယ်။