
စင်ကာပူ ကုန်သွယ်ရေးဝန်ကြီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကုန်သွယ်ရေးစစ်ပွဲအပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်သမားတွေရဲ့ စိန်ခေါ်မှုတွေကို ကူညီဖြေရှင်းပေးမယ့် လုပ်ငန်းအဖွဲ့တဖွဲ့ကို ဖွဲ့ထားပြီလို့ ကြေညာလိုက်ပါတယ်။
အခုနှစ်အတွင်း ပြည်တွင်းစီးပွားရေး ကျဆင်းမှုကို ငြင်းဆန်နိုင်မှာ မဟုတ်ဘူးလို့လည်း ဧပြီ ၁၆ ရက်မှာ သူက ပြောလိုက်ပါတယ်။
စင်ကာပူနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေဟာ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် ထိခိုက်နေပြီဖြစ်ပြီး ထရမ့်ပ်သာ ဆီမီးကွန်ဒတ်တာနဲ့ ဆေးဝါးလုပ်ငန်းတွေအပေါ် ထပ်လောင်းအခွန်ကောက်မယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးထိခိုက်မှု ပိုများလာနိုင်တယ်လို့ ကုန်သွယ်ရေးဝန်ကြီး ဂံကင်မ်ယွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စင်ကာပူဟာ ကနဦးခန့်မှန်းချက်တွေအရ ပထမ ၃ လပတ်မှာ စီးပွားရေး ကျုံ့သွားတာကို ပြနေခဲ့လို့ GDP မျှော်မှန်းချက်ကို အရင်က ၁ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းကြားမှာ မျှော်လင့်ထားပေမဲ့ ဧပြီ ၁၄ ရက်မှာတော့ သုည ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းကြားအဖြစ် အဆင့်လျှော့ချခဲ့ပါတယ်။
စင်ကာပူဟာ အမေရိကန်သွင်းကုန်တွေအတွက် ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ကုန်သွယ်ရေးဝန်ကြီးဟာဝန်ကြီးတွေ၊ ဝန်ကြီးဌာန အသီးသီးက အရပ်ဘက်ဝန်ထမ်းတွေ၊ စီးပွားရေးအသင်းအဖွဲ့တွေနဲ့ အလုပ်သမားသမဂ္ဂတို့က ကိုယ်စားလှယ်တွေပါတဲ့ အဖွဲ့ဝင် ၈ ယောက်ရှိတဲ့ စီးပွားရေးလုပ်ငန်းအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပါတယ်။
အလုပ်အဖွဲ့ဟာ ဖွံ့ဖြိုးတိုးတက်မှုအသစ်တွေရဲ့ အကျိုးသက်ရောက်မှုကို အကဲဖြတ်မှာဖြစ်ပြီး ပေါ်ပေါက်လာတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရေရှည်မဟာဗျူဟာတွေနဲ့ တုံ့ပြန်ဖော်ဆောင်မှာလည်း ဖြစ်ပါတယ်။
ဆိုးရွားနေတဲ့ အလားအလာတွေကြားမှာ စင်ကာပူဟာ မေ ၃ ရက်မှာ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။
Source : Reuters