အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့ ဧပြီ ၁၈ ရက် မနက်က တယ်လီကွန်းဖရန့်ကနေ တဆင့် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့ NUG အစိုးရက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတွေ့ဆုံမှုမှာ အာဆီယံဥက္ကဋ္ဌနဲ့တကွ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့် ဆက်သွယ် ဆောင်ရွက်နိုင်ရေး အပါအဝင် မြန်မာပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေးတို့နဲ့ စပ်လျဉ်းတဲ့ ကိစ္စရပ်တွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရောက်ရှိနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးထားပါတယ်။
ဧပြီ ၁၇ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ မြန်မာငလျင်ပြန်လည်ထူထောင်ရေး အပါအဝင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးအပြီးမှာ အခုလို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အာဆီယံခေါင်းဆောင်တွေ အနေနဲ့ စစ်ခေါင်းဆောင်နဲ့ တဖက်သတ် ဆက်ဆံဆောင်ရွက်မှုတွေကို အထူးသတိပြုဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ စစ်အုပ်စုဆီမှတဆင့် ပေးအပ်ပါက နိုင်ငံရေးအရ အလွဲအသုံးချမယ့်အန္တရာယ် မလွဲမသွေ တွေ့ကြုံရမှာဖြစ်လို့ အပြင်းအထန် ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေက သဘောထား ထုတ်ပြန်ထားပါတယ်။