စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်ရင်း ၂၈ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေကို မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ ဧပြီ ၁၇ ရက် မနက်ပိုင်းက စစ်ဝတ်စုံ၊ တကိုယ်ရေးသုံးပစ္စည်းနဲ့ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ဓားမဆိုင်းတပ်ရင်း ၂၈ ဆီက သိရပါတယ်။
ရဲဘော်တယောက်ကို မြန်မာကျပ်ငွေ ၁ သိန်း၊ ယူနီဖောင်း ၁ စုံဆီနဲ့ တကိုယ်ရေးသုံးပစ္စည်းတွေကို ထောက်ပံ့ လှူဒါန်းခဲ့တာလို့ ဓားမဆိုင်းတပ်ရင်း တည်ထောင်သူ ဗိုလ်စွမ်းသူမောင်က DVB ကို ပြောပါတယ်။
“သင်္ကြန်ကာလမှာ ဘယ်မှမထွက်ကြဘဲ တပ်ရင်းမှာပဲ နေထိုင်ကြပြီး သူတို့လေးတွေ လိုအပ်တဲ့ ယူနီဖောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ ဝတ်စုံကိုပါ လှူဒါန်းပေးအပ်ခဲ့တာပါ။ ရှေ့တန်းတာဝန် ထမ်းဆောင်နေသူကော နောက်ချန်အင်အားကော စုစုပေါင်း ရဲမေနဲ့ ရဲဘော် ၈၅ ဦးအတွက် ယူနီဖောင်း ၈၅ စုံနဲ့ ငွေကျပ် ၈၅ သိန်း ပေးအပ်ခဲ့တယ်။”
ရဲဘော် ရဲမေတွေ တော်လှန်ရေးမှာ တက်တက်ကြွကြွ တိုက်ပွဲဝင်နေကြတာဖြစ်ပြီး ရဲဘော်တွေရဲ့ စိတ်ဓာတ်မြှင့်တင်ပေးတာနဲ့ ချီးမြှင့်ချင်လို့ ခုလိုပေးအပ်ခဲ့တာဖြစ်ပြီး မုန့်ဖိုးကို တတ်နိုင်သလောက် မကြာခဏ ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။
ဓားမဆိုင်းတပ်ရင်း ၂၈ ကို စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ကလည်း အာဟာရဒါနအနေနဲ့ ဝက်သားတုတ်ထိုး၊ ငါးကင်၊ ပင်လယ်စာနဲ့ ကြာဇံကြော်တွေပါ လှူဒါန်းကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။