
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ရာမှာ ပျူစောထီးခေါင်းဆောင်တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ဧပြီ ၁၆ ရက် မနက် ၃ နာရီဝန်းကျင်မှာ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ က ရွှေဂဲညိုရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုနဂါးက “စစ်ကြောင်း ၂ အဖွဲ့ကနေပြီး စခန်းကို ဝင်ရောက်ပစ်ခတ်တဲ့အချိန်မှာ ပျူခေါင်းဆောင်တဦး ကျသွားတယ်။ ကျန်ပျူစောထီးတွေက လက်နက်ချပြီး ပြေးတော့ လက်နက်တွေပါ သိမ်းဆည်းရမိတယ်” လို့ ပြောပါတယ်။
သေဆုံးသူ အသက် ၅၀ ဝန်းကျင်အရွယ် ဦးဌေးဝင်းမှာ တောင်ငယ်ရွာက ပျူစောထီးခေါင်းဆောင် ဖြစ်ပြီး ရွှေဂဲညိုရွာမှာ စခန်းလာချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ပျူစောထီးစခန်း ဝင်ရောက်တိုက်ခိုက်ရာမှာ ၄၀ မမ အပါအဝင် သေနတ် ၁၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
အခုလက်ရှိမှာတော့ စစ်ကောင်စီဘက်က ရွှေဂဲညိုရွာမှာ အင်အား ၈၀ ခန့် နေရာချထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။