
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ နေပြည်တော်ဝန်ထမ်းအိမ်ရာမှာ ဧပြီ ၁၆ ရက် မနက် ၉ နာရီဝန်းကျင်က ဗုံးပေါက်ကွဲလို့ ကလေးငယ် ၂ ယောက် သေဆုံးသွားတယ်လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကနေ သိရပါတယ်။
ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားတာဝန်ခံက “ဝန်ထမ်းအိမ်ရာထဲမှာ ဖြစ်သွားတာ။ ဗုံးပေါက်ကွဲပြီး ၃ နှစ်နဲ့ ၅ နှစ်အရွယ် ကလေးငယ် ညီအစ်ကို ၂ ယောက် နေရာမှာတင် ဆုံးသွားတာပေါ့နော်။ အဲဒီဝန်ထမ်းအိမ်ရာဆိုတာ စစ်တပ်ဂိတ်တွေ ရှိတယ်။ စစ်သားလုံခြုံရေးများတယ်” လို့ ပြောပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲခဲ့တာကြောင့် ၃ နှစ်အရွယ်နဲ့ ၅ နှစ်အရွယ် ညီအစ်ကို ကလေးငယ် ၂ ယောက် နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ကလေးမြို့နယ် ပအဖရဲ့ လူသားစာနာတာဝန်ခံက “ဒီကလေးတွေက အဲဒီဝန်ထမ်းအိမ်ရာကတော့ မဟုတ်ဘူး။ ကလေးမြို့နယ်ထဲက ပြည်တော်သာရွာကနေ စစ်ရှောင်လာကြရင်းနဲ့ အခုလို ဖြစ်တာ။ ကလေး ၂ ယောက်လုံးကတော့ ဗိုက်တွေ ပွင့်ထွက်ကုန်တယ်။ သေချာတာကတော့ အဲဒီဝန်ထမ်းအိမ်ရာထဲကို PDF တပ်ဖွဲ့ဘက်က ဝင်နိုင်ဖို့ မလွယ်ဘူး။ ကျနော်တို့ အမြင်အရ ပြောရရင် အဲဒီထဲမှာရှိနေတဲ့ စစ်သားတွေ မူးမူးရူးရူးနဲ့ ညပိုင်း ကင်းလှည့်ရင်း လက်ပစ်ဗုံး ထွက်ကျကျန်နေတာကို ကလေးတွေ တွေ့လို့ ကောက်ပြီး ဆော့ရင်းကနေ အခုလို ဖြစ်သွားတယ်လို့ ယူဆတယ်။ ကလေးလေးတွေအတွက်ကတော့ စိတ်မကောင်းပါဘူး” လို့ ပြောပါတယ်။
ဧပြီ ၁၁ ရက်မှာ ကလေးမြို့ရဲ့ အဓိက ကာကင်းစခန်းတခုဖြစ်တဲ့ ကြံသာကျေးရွာ အခြေစိုက် စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ကလေးမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေဟာလည်း မြို့ပေါ်မှာ ကင်းလှည့်တာတွေနဲ့ လုံခြုံရေးအတွက် ခံစစ်ပြင်ဆင်တာတွေကို တိုးမြှင့် လုပ်ဆောင်နေကြတယ်လို့လည်း ကလေးမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။