DVB Logo
Home
မြန်မာသတင်း
အင်းလေးငလျင်ဒဏ် ပြန်လည်ထူထောင်ရေး ကျွမ်းကျင်လက်သမားများ လိုအပ်နေ
DVB
·
April 16, 2025
အင်းလေးငလျင်ဒဏ် ပြန်လည်ထူထောင်ရေး ကျွမ်းကျင်လက်သမားများ လိုအပ်နေ
Donate to DVB

အင်အားပြင်း ငလျင်ဒဏ်ခံရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာရှိတဲ့ ကျေးရွာတွေမှာ ပြိုကျပျက်စီးသွားတဲ့ လူနေအိမ်တွေကို ပြန်လည်ထူထောင် ဆောက်လုပ်ဖို့ အတွက် ကျွမ်းကျင်လက်သမားဆရာတွေ လိုအပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ငလျင်ကြောင့် အင်းလေးဒေသရှိ ကျေးရွာ ၂၈ ရွာက အိမ်ခြေပေါင်း ၂,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

ငလျင်ကြောင့် လူသေဆုံးမှုကလည်း ရာကျော်ရှိနိုင်ပြီး လက်ရှိကယ်ဆယ်ရေးအပိုင်းတွေ ပြီးစီးသွားတဲ့တိုင်အောင် ထိခိုက်ပျက်စီးစာရင်းနဲ့ လူသေဆုံးမှုစာရင်းတွေကို ခုအချိန်အထိ အတိအကျ မသိရသေးပါဘူး။

ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စလုပ်နေပေမဲ့ ကျေးရွာအများစု ရေပေါ်အိမ်တွေ ဖြစ်တဲ့အတွက် ဒေသအထာကို ကျွမ်းကျင်ပြီး ဆောက်လုပ်ပေးနိုင်မယ့် လက်သမားဆရာတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

လက်ရှိပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ လက်သမားဆရာ မလုံလောက်လို့ အိမ်ပြန်ပြင်တာတွေ၊ ဖြိုချတာတွေနဲ့ ပြန်အသစ်ဆောက်ဖို့အတွက် နှောင့်နှေးနေတယ်လို့ အိမ်ခြေပေါင်း ၂၀၀ ကျော် ပြိုကျသွားတဲ့ ကြာတောရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“မြို့ပေါ်ကနေ ဘယ်လောက်ပဲ ကျွမ်းကျင်ပညာရှင် ဖြစ်နေပါစေ အင်းရဲ့အထာကိုသိမှ အင်းလက်သမား ဆရာနဲ့မှ အဆင်ပြေမှာဗျ။ အခု ကျနော်တို့အိမ်ဘက်နဲ့ အင်းဘက်မှာတောင် မတူတော့ဘူး။ ရေချိန်က တအားကြီးကွာသွားပြီ။ ကျနော့်ဘက်မှာ ရွှံ့တအားကြီး ဝင်များနေတယ်။ ရွှံ့တအားများနေတယ်ဆိုရင် သူက အင်းသားဆိုလို့ရှိရင် ဝါးတလုံးကို အိမ်ဆောက်မယ့်ဝါးတလုံးကို ယူပြီး ဆယ့်လေးငါးရပ်လောက် မြေထဲကို စိုက်ထည့်လိုက်တာ။ စိုက်ထည့်ပြီးတော့မှ မြေအဝင်က လက်မခံတော့ဘူးဆိုတော့မှ ပြန်နုတ်၊ ပြန်နုတ်ပြီးလို့ရှိရင် အဲဒီမြေအဝင်က ဘယ်လောက်ရှိတုန်း။ ၅ ပေအကွာ ထားမယ်ဆိုလို့ရှိရင် ၅ ပေကို ခုနက စိုက်ထည့်လိုက်တဲ့ ၁၃ တောင်ရှိရင် ၁၃ တောင်ပေါ့၊ ၁၆ တောင်ရှိရင် ၁၆ တောင်ပေါ့။ အဲ့မှာ ထည့်ထားပြီးတော့မှ အိမ်ကိုတည်ဆောက်လို့ရတဲ့အရာပေါ့ဗျ။”

ဝါးအိမ်တွေ အစားထိုးဆောက်ပေးနေတဲ့အတွက် အင်းလေးကန်ထဲက တချို့နေရာတွေမှာ ဝါးဈေးတွေ တက်လာတယ်လို့လည်း ဒေသခံက ပြောပါတယ်။

ဝါးအထွက်များတဲ့ အောင်ပန်း၊ ဟဲဟိုး၊ ကလော၊ ရွာငံ၊ ပင်းတယဘက်တွေက ဝါးတွေဝင်နေပေမဲ့လည်း ပုံမှန်ဝါးဈေး ကျပ် ၈,၀၀၀ ဝန်းကျင်ကနေ တချို့နေရာတွေမှာ ကျပ် ၁၀,၀၀၀ ကနေ ၁၅,၀၀၀ အထိ ဈေးတက်နေပြီး အိမ် ၉၂ အိမ် ပျက်စီးသွားတဲ့ နန်းပန်ပေါက်ပါးရွာမှာလည်း အလှူရှင်တွေ လာလှူထားလို့ အိမ်အလုံး ၅၀ စာ ရနေပြီဖြစ်ပါတယ်။

နန်းပန်ပေါက်ပါးရွာသားတယောက်က “တချို့ဝါးအိမ်တွေက စနေပြီဗျ၊ တချို့ကုန်းအပိုတွေ ရှိတဲ့သူတွေကတော့ အဲ့မှာ တဲတန်းလျားထိုးပြီး နေကြတယ်။ တချို့ကျတော့လည်း စာသင်ကျောင်းတွေမှာ လာနေကြတာလည်း ရှိတယ်။ ကျနော့်ဘက်မှာ လောလောလတ်လတ် ပြန်လည်ထူထောင်ရေးကျတော့ အခုလောလောဆယ် အဝင်မှာက အိမ်ပြန်ဆောက်ပေးမယ့် အလှူရှင်က အိမ်အလုံးပေါင်း ၅၀ ကျော်လောက်တော့ ရှိပြီဗျ” လို့ ပြောပါတယ်။

ပျက်စီးထိခိုက်မှုများတဲ့ ကျေးရွာတချို့ဘက်မှာ အိမ်တွေ ပြန်ဆောက်ဖို့အတွက် အလှူငွေတွေ လက်ခံရရှိထားပေမဲ့ ရွာတိုင်း အပြည့်မရသေးဘူးလို့ ဒေသခံ ပရဟိတသမားတွေက ပြောပါတယ်။

လက်ရှိ အင်းလေးဒေသတဝိုက် ကယ်ဆယ်ရေးပိုင်းတွေ ပြီးသွားပေမဲ့ အိမ်တွေပြန်ဆောက်ဖို့ လက်သမားဆရာ လိုအပ်ချက်တွေ ရှိနေတယ်လို့ အင်းလေး ပရဟိတသမားတယောက်က ပြောပါတယ်။

“ကယ်ဆယ်ရေးအပိုင်းကတော့ ပြီးသွားပြီဗျ။ ပြန်လည်ထူထောင်ရေးကတော့ လိုအပ်တာလေးတွေ အများကြီးရှိသေးတယ်။ ဘတ်ဂျက်ကကျတော့ ကျပ်သိန်း ၅၀ အောက် ဘတ်ဂျက်ပဲ ရှိတာပေါ့နော်။ သိန်း ၅၀ အောက် ဘတ်ဂျက်ထဲမှာဆိုရင် ဝါးအိမ်တလုံးပဲ ဆောက်လို့ အဆင်ပြေမယ်ဗျ။ အဲဒါကြောင့် ဝါးတွေနဲ့ ဆောက်တာများတယ် အကုန်လုံးက။”

အင်းလေးငလျင်ဘေး ကူညီထောက်ပံ့လှူဒါန်းကြမယ့်သူတွေ အနေနဲ့လည်း မြေပြင်မှာ တကယ်ရောက်နေတဲ့ အဖွဲ့တွေကို တိုက်ရိုက်ချိတ်ဆက်ပြီးဖြစ်စေ၊ ရွာတွေကို တိုက်ရိုက်နည်းနဲ့ ဖြစ်စေ လှူပေးဖို့နဲ့ အလှူအမည်ခံပြီး လိမ်နေတဲ့အဖွဲ့တွေ ရှိနေတဲ့အတွက် သတိထားလှူပေးကြဖို့ ဒေသခံတွေက တိုက်တွန်းပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013