DVB Logo
Home
မြန်မာသတင်း
၁၈ မိုင် စစ်တပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်၊ သုံ့ပန်း ၄ ဦး အရှင်ဖမ်းမိ
DVB
·
April 16, 2025
၁၈ မိုင် စစ်တပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်၊ သုံ့ပန်း ၄ ဦး အရှင်ဖမ်းမိ
Donate to DVB

မကွေးတိုင်း၊ စလင်း-စေတုတ္တရာ လမ်းပိုင်းပေါ်က ၁၈ မိုင် စစ်ကောင်စီတပ်စခန်းကို ဧပြီ ၁၂ ရက်နေ့မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၄ ယောက်နဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

တိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့ မြိုင် ပကဖ တပ်ဖွဲ့ဝင်တယောက်က “တိုက်ပွဲက နာရီဝက်တောင် မကြာလိုက်ဘူး။ ထွက်ပြေးသွားတဲ့ကောင်တွေရှိတယ်။ တိုက်ပွဲပြီးတော့ သူတို့အဆောက်အအုံတွေကို မီးရှို့ခဲ့ကြတော့ သေတဲ့ကောင်တွေကို မီးရှို့ပြီးသား ဖြစ်သွားတယ်။ စစ်‌ (-) ၄ ကောင်ကိုတော့ အရှင်ဖမ်းမိခဲ့တယ်။ နောက်ပြီး လက်နက်ခဲယမ်းတွေရောပဲ” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းကနေ MA1 သေနတ် ၂ လက်၊ MA3 သေနတ် ၂ လက်၊ M79 သေနတ် ၁ လက်၊ ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေလည်း ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း (ကျားသစ်နက်တပ်မတော်) ရဲ့ တာဝန်ခံ ဗိုလ်ဥက္ကာက “အဲဒီလမ်းပိုင်းဟာ ကပစ တွေရဲ့ စစ်လက်နက်ပစ္စည်း သယ်ယူရေးတွေအတွက် အရေးပါတယ်။ အဲဒါကြောင့်လည်း ၁၈ မိုင်ကုန်းမှာ သူတို့ဘက်က အထိုင်စခန်းချထားတာ။ အဲဒီလမ်းပိုင်းမှာ ဒီစခန်းကို သိမ်းပိုက်နိုင်တာ ပထမဆုံးပါပဲ။ နောက်ထပ် သူတို့စခန်းတွေ သိမ်းပိုက်ပြီးတော့ အဲဒီလမ်းကို PDF စိုးမိုးနိုင်ရင် ပိုကောင်းမှာပေါ့။ နောက်တော့ဖြစ်လာမှာပါ” လို့ DVB ကို ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့သလို ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကိုလည်း စစ်ဆေးနေပြီး နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ သက်ဆိုင်ရာ အဖွဲ့အစည်းက တာဝန်ယူ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

အဲဒီစခန်းကို ပခုက္ကူခရိုင်အမှတ် ၂ တပ်ရင်းက စစ်ကြောင်းမှူး ဦးဆောင်ပြီး မြိုင် ပကဖ၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း (ကျားသစ်နက်တပ်မတော်)၊ ပခုက္ကူခရိုင် အမှတ် ၆၊ ၇၊ ၁၄၊ ၁၇ တပ်ရင်းတွေ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါတပ်စခန်း သိမ်းပိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013