
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်မှာ ဧပြီ ၁၅ ရက် မနက် ၉ နာရီခွဲဝန်းကျင်က လမ်းပေါ်ထွက်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီကနေ သိရပါတယ်။
နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်သား ၂ ယောက် သူတို့တပ်စွဲနေတဲ့ နေရာကနေ အပြင်ထွက်လာကြတာကို ကျနော်တို့ရဲဘော်တွေက အနီးကပ် ပစ်ခတ်နိုင်ခဲ့လို့ နေရာမှာတင် ၂ ယောက်လုံး သေတယ်။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဆီကနေ MA11 သေနတ် ၂ လက်၊ ကျည်ဘောက် ၃ ခုနဲ့ ၅.၅၆ ကျည် ၈၅ တောင့်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက “ဒီကောင်တွေက အထဲမှာ ရိက္ခာပြတ်ရင် အပြင်ထွက်ပြီး ဝယ်လေ့ဝယ်ထရှိတယ်။ အခုလည်း ရိက္ခာထွက်ဝယ်တာလား၊ အရက်ထွက်ဝယ်တာလား ဆိုတာတော့ သေချာမပြောတတ်ဘူး။ ကျနော်တို့တပ်ဖွဲ့က ရဲဘော်တွေကတော့ အဆင်သင့်စောင့်ပြီး အတိုနဲ့ အနီးကပ်ပစ်ခဲ့တာ။ ၂ ကောင်လုံး လျှောသွားတယ်။ ပြီးတော့ သူတို့ရဲ့ လက်နက်ခဲယမ်းတွေ ကောက်ပြီး တန်းပြန်ဆုတ်လာတာ ဘာအထိအခိုက်မှ မရှိခဲ့ဘူး။ ကျန်နေခဲ့တဲ့အလောင်းတွေကိုတော့ စစ်တပ်ဘက်က လာသယ်သွားတယ်။ ပစ်ခတ်မှုပြီးတော့လည်း သူတို့ဘက် မြို့ပေါ်နေရာတချို့မှာ စစ်ဆေးတာတွေ လုပ်ခဲ့ကြတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နွားထိုးကြီးမြို့ပေါ်က မြို့မရဲစခန်း၊ ဆောက်လုပ်ရေးရုံး၊ တရားရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တွေမှာ တပ်စွဲနေထိုင်နေကြပါတယ်။
စစ်ကောင်စီတပ်ဟာ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အတွက် ယာယီအပစ်အခတ်ရပ်စဲမယ်လို့ ကြေညာထားပေမဲ့လည်း နွားထိုးကြီးမြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်တာတွေအပြင် လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်နေလို့ ပြည်သူတွေအနေနဲ့ သတိရှိရှိ နေထိုင်သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားတယ်လို့လည်း ဆိုပါတယ်။
နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ ပြီးခဲ့တဲ့နှစ် သြဂုတ် ၁၀ ရက်ကလည်း နွားထိုးကြီးမြို့ အပါအ၀င် တောင်သာနဲ့ မြင်းခြံမြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို တချိန်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ကြပါသေးတယ်။