
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့မှာ ဧပြီ ၁၅ ရက်ညနေက လေပြင်းတိုက်ခတ်လို့ လူနေအိမ်တွေနဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
ဧပြီ ၁၅ ရက်ညနေက ၄ နာရီ ကျော်လောက်က ဝက်လက်မြို့မှာ လေပြင်းတိုက်လို့ အဆောက်အအုံတွေ အမိုးလန်၊ သစ်ပင်တွေ လဲကျ လူနေအိမ်တွေပေါ် ပိနေပြီး လမ်းတွေ ပိတ်နေလို့ ရှင်းလင်းဆောင်ရွက်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ငလျင်ဒဏ်ခံရတဲ့ မန္တလေးနဲ့ စစ်ကိုင်းမှာလည်း ဧပြီ ၁၅ ရက် ညနေပိုင်းက မိုးသည်းထန်ပြီး တချို့နေရာတွေမှာ ရေကြီးရေလျှံဖြစ်ခဲ့လို့ လမ်းဘေးတွေနဲ့ ငလျင်ဘေးရှောင်စခန်းတွေမှာ ယာယီတဲထိုး နေထိုင်ကြသူတွေလည်း အခက်အခဲတွေ့နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးရွာသွန်းအပြီး ည ၁၀ နာရီဝန်းကျင်မှာ ချမ်းအေးသာစံမြို့နယ်၊ ပဲဝင်းရပ်ထဲက ၈၇ လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြားမှာရှိတဲ့ သုံးထပ်ခွဲတိုက်တလုံးလည်း ပြိုကျပျက်စီးသွားခဲ့ပေမဲ့ ထိခိုက်သူ မရှိပါဘူး။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်က မန္တလေးမြို့မြောက်ဘက် ဆည်တော်ကြီးဒေသမှာ ဧပြီ ၁၆ ရက် ညနေကနေ ၂၄ နာရီအတွင်း မိုးအင်မတန်သည်းထန်နိုင်တာကြောင့် သတိပြုဆင်ခြင်ကြဖို့ ဒီမနက်အစောပိုင်းက သတိပေးပြောထားပါတယ်။
မိုးဇလဌာနကလည်း မိုးကြိုကာလဖြစ်တဲ့ ဧပြီလလယ်ကနေ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း လေထု မငြိမ်မသက်တာ၊ အပူပျံတက်တိမ်တွေဖြစ်ပြီး မွန်းလွဲနဲ့ ညနေပိုင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်တာကြောင့် လေပြင်းတိုက်ခတ်တာ၊ လေပြင်းနဲ့အတူ ထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာတာတို့ ဖြစ်နိုင်တယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။