Home
ရုပ်သံ
မန္တလေးတွင် မိုးရွာသွန်းပြီး ငလျင်ဒဏ်သင့်တိုက် ၂ လုံးပြိုကျ (ရုပ်သံ) 
DVB
·
April 16, 2025
Photo: Nyo Mi Mi Khaing၊ Than Htay နှင့် မန္တလေးမြို့ခံများ
Photo: Nyo Mi Mi Khaing၊ Than Htay နှင့် မန္တလေးမြို့ခံများ
Photo: Nyo Mi Mi Khaing၊ Than Htay နှင့် မန္တလေးမြို့ခံများ
Photo: Nyo Mi Mi Khaing၊ Than Htay နှင့် မန္တလေးမြို့ခံများ
Photo: Nyo Mi Mi Khaing၊ Than Htay နှင့် မန္တလေးမြို့ခံများ

မန္တလေးမြို့မှာ ဧပြီလ ၁၅ ရက်၊ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့လို့ ငလျင်ဒဏ်သင့်တိုက် ၂ လုံး ပြိုကျခဲ့တယ်လို့ မန္တလေးမြို့ခံတွေဆီကနေ သိရပါတယ်။

မန္တလေးမြို့ခံတယောက်က “အဲဒီတိုက်က Fine Store ၃ ထပ်တိုက်ပါ။ 26 B၊ လမ်း ၈၀ နဲ့ ၈၁ ကြားကပါ။ ငလျင်ဒဏ်ခံထားရပြီးတော့ ပိုင်ရှင်တွေလည်း မရှိကြတော့ဘူး။ မိုးရွာပြီး ညနေ ၅ နာရီလောက်မှာ ပြိုကျခဲ့တာ။ ဘေးမှာရှိကြတဲ့သူတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ မိုးတွေ အရမ်းရွာပြီး ရေတွေလည်း ကြီးနေတယ်” လို့ ပြောပါတယ်။

မိုးရွာသွန်းအပြီး ည ၁၀ နာရီဝန်းကျင်မှာလည်း ချမ်းအေးသာစံမြို့နယ်၊ ပဲဝင်းရပ်ထဲက ၈၇ လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြားမှာရှိတဲ့ သုံးထပ်ခွဲတိုက်တလုံးလည်း ပြိုကျပျက်စီးသွားခဲ့သေးသလို ထိခိုက်သူမရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

မန္တလေးမြို့မှာ ဧပြီ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းက စတင်ပြီး မိုးသည်းထန်ရွာသွန်းခဲ့ကာ ရေကြီးရေလျှံတာလို့ လမ်းဘေးတွေနဲ့ ငလျင်ဘေးရှောင်စခန်းတွေမှာ ယာယီတဲထိုးနေထိုင်ကြသူတွေလည်း အခက်အခဲတွေ ဖြစ်နေကြတယ်လို့လည်း ဆိုပါတယ်။

မန္တလေးမြို့အခြေစိုက်ပရဟိတအဖွဲ့ရဲ့ အတွင်းရေးမှူးတယောက်က “မိုးက တော်တော်လည်း သည်းတယ်။ အချိန်လည်း ကြာတယ်။ မိုးဒဏ်နဲ့ တခြားနေရာတွေက အဆောက်အုံတွေလည်း ပြိုကုန်တယ်လို့လည်း ကြားတယ်ဗျ။ ဒီဘက်တွေမှာလည်း ရေတွေကြီးပြီး လမ်းဘေးတွေနဲ့ ငလျင်ရှောင်စခန်းတွေက ပြည်သူတွေ ရေနစ်နေလို့ ကူညီရေးထွက်နေတာ ဆိုတော့ သေချာမသိသေးဘူး” လို့ DVB ကို ပြောပါတယ်။

ငလျင်ဒဏ်အပြင်းအထန်ခံခဲ့ရတဲ့ မန္တလေးမြို့အပြင် တချိန်တည်းမှာပဲ စစ်ကိုင်းမြို့ဘက်မှာလည်း မိုးသက်လေပြင်းကျရောက်ပြီး မိုးသည်းထန်ခဲ့လို့ ငလျင်ဘေးသင့်သူတွေ အခက်အခဲတွေ ဖြစ်နေကြရတယ်လို့လည်း စစ်ကိုင်းမြို့က ဆရာတော်အရှင်ဓမ္မပီယ က မိန့်ကြားပါတယ်။

အခုလို လေပြင်းတွေ တိုက်ခတ်ပြီး မိုးသန်းထန်စွာ ရွာသွန်းခဲ့လို့ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်အခဲ ဖြစ်နေကြတယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024