
KIA တပ်ရင်း (၂၀) ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ လီဒိုလမ်းတလျှောက်မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေသလို ဗန်းမော်မြို့ကိုလည်း နေ့စဉ် ဗုံးအလုံးရေ ၃၀ ဝန်းကျင်အထိ လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲနေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သတင်းပြန်ကြားရေးက ပြောပါတယ်။
လီဒိုလမ်းတလျှောက်မှာ ဧပြီ ၁၄ ရက်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေလည်း တိုက်ခိုက်တာတွေရှိခဲ့သလို ဧပြီ ၁၅ ရက်နေ့မှာလည်း တိုက်ပွဲရော လေကြောင်းတိုက်ခိုက်မှုတွေပါ ဆက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေဘက်က ထိုးစစ်ဆင်နေတာကြောင့် အခုလို တိုက်ပွဲတွေပြင်းထန်နေတာလို့ KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒါ့အပြင် ဗန်းမော်မှာလည်း တိုက်ပွဲတွေဆက်ရှိနေသလို စစ်ကောင်စီဘက်က နေ့တိုင်း ဗုံးအလုံးရေ အလုံး ၃၀ ဝန်းကျင်အထိ လေကြောင်းကနေ ကြဲချနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒါကြောင့် တပတ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုက ရာနဲ့ချီရှိနေပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒါ့အပြင် အင်းတော်ကြီးဘက်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေပါ တယ်။
ငလျင်သဘာဝဘေးအန္တရာယ်ကြုံနေရတာကြောင့် ယာယီအပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီကတဖက်မှာ ကြေညာထားပေမဲ့ ထိုးစစ်ဆင်တာတွေ ဆက်လုပ်နေသလို လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း နေ့စဉ် မရပ်မနား ဆက်လုပ်နေတာ ဖြစ်ပါတယ်။
ထက်အောင်