
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ပလာထိုပြည်နယ်မှာ ဧပြီ ၁၄ ရက် အစောပိုင်းက သေနတ်သမားတွေ ပစ်ခတ်မှုကြောင့် လူ ၅၁ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး သင်္ချိုင်းမြေကျင်း တခုတည်းမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားခံခဲ့ရပါတယ်။
ပလာထိုပြည်နယ် ဘက်ဇာခရိုင်က ဇစ်ခ်နဲ့ ကီမခ်ပါရွာတွေမှာ အလောင်း ၅၁ လောင်းကို ပြန်ရ ထားပြီး အများအပြားက ဒဏ်ရာတွေ ရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပလာထို ကုန်းပြင်မြင့်မှာ ရက်အတော်ကြာ တိုက်ခိုက်မှုတွေအတွင်း သေနတ်သမားတွေကြောင့် လူ ၅၂ ဦးထက်မနည်း သေဆုံးပြီး လူပေါင်း ၂၀၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အမျိုးသား အရေးပေါ် အေဂျင်စီက ပြီးခဲ့တဲ့ သီတင်းပတ်က ပြောပါတယ်။
ပလာထို ဒေသဟာ မကြာသေးမီနှစ်တွေအတွင်း လူမျိုးရေးပဋိပက္ခတွေကြောင့် လူ ရာနဲ့ချီ သေဆုံးခဲ့တဲ့ နိုင်ဂျီးရီးယားရဲ့ အလယ်ခါးပတ်လို့ လူသိများတဲ့ ကုန်းတွင်းပိုင်းပြည်နယ်တွေထဲက တခုဖြစ်ပါတယ်။
မွတ်ဆလင် နွားကျောင်းသမားတွေနဲ့ အဓိကအားဖြင့် ခရစ်ယာန်လယ်သမားတွေကြား လူမျိုးရေး ဘာသာရေး ပဋိပက္ခအဖြစ် အကြမ်းဖက်မှုတွေ မကြာခဏ ပေါ်ပေါက်လေ့ရှိပါတယ်။
ဒါပေမဲ့ ရာသီဥတု ဖောက်ပြန်မှုနဲ့ စိုက်ပျိုးမွေးမြူရေး တိုးချဲ့မှုကတဆင့် စားကျက်မြေတွေ လျော့နည်းလာခြင်းက အဓိကအကြောင်းရင်းတွေ ဖြစ်တယ်လို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။
Source: Reuters