DVB Logo
Home
မြန်မာသတင်း
ဘန်ကောက် တိုက်ပြိုကျမှု ပိတ်မိသူများကို ဆက်လက်ရှာဖွေ၊ သေဆုံးသူ ၄၄ ဦးတွေ့ရှိ 
DVB
·
April 15, 2025
ဘန်ကောက် တိုက်ပြိုကျမှု ပိတ်မိသူများကို ဆက်လက်ရှာဖွေ၊ သေဆုံးသူ ၄၄ ဦးတွေ့ရှိ 
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အထပ် ၃၀ ဆောက်လက်စ အစိုးရငွေစာရင်းစစ်ရုံး ပြိုကျမှုမှာ ပျောက်ဆုံးနေသူတွေကို ၁၈ ရက်မြောက်နေ့အဖြစ် မရပ်မနား ရှာဖွေနေရတာမှာ ဒီကနေ့ ဧပြီ ၁၅ ရက် ညနေပိုင်းထိ သေဆုံးသူ ၄၄  ယောက် တွေ့ရှိပြီလို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

မနေ့ညက ပြိုကျအဆောက်အအုံ ဇုန် C  နဲ့ ဇုန် B ကြားမှာ အလောင်း ၂ လောင်းနဲ့ အသားစ အစိတ်အပိုင်းတွေ၊ စာရွက်စာတမ်းပါ ကျောပိုးအိတ် တလုံး၊ အလှပြင်ပစ္စည်းပါ အိတ် တလုံး တွေ့ရှိတယ်၊ မည်သူမည်ဝါဆိုတာ သိရအောင် DNA စစ်ဆေးမယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ 

ဒီကနေ့မှာလည်း ဇုန် C ကနေ နောက်ထပ်အလောင်း တလောင်း တူးဖော်ရရှိပြီး  သေဆုံးသူ စုစုပေါင်း ၄၄ ယောက်ရှိသွားပြီ ဖြစ်တယ်၊ ဒဏ်ရာရသူမှာ အရင်အတိုင်း ၉ ယောက်ပဲဖြစ်ပြီး ပျောက်ဆုံးနေသူ အယောက် ၅၀ ကျန်ရှိသေးတယ်လို့  ဘန်ကောက် လက်ထောက်မြို့တော်ဝန်  ‌ဒေါက်တာ ထဝိဒါ ကမွန်ဝေ့ချ် က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ရှာဖွေရေးလုပ်ငန်းတွေကို စီမံချက်အတိုင်း အဆင့်လိုက် ဆောင်ရွက်နေပေမဲ့ များပြားရှုပ်ထွေးတဲ့ သံကြိုးတွေကြောင့် အခက်အခဲရှိတယ်၊ တောင်လိုပုံနေတဲ့ ကွန်ကရစ် အပျက်အစီးတွေကို ဖြိုချနေတာမှာ မနေ့က ၁၉ ဒသမ ၅ မီတာကနေ ဒီကနေ့မှာ ၁၉ မီတာထိ ဖြိုချခဲ့တယ်၊ ဒီထက်ကြီးမားတဲ့ ကရိန်းတွေ အသုံးပြု ဖြိုဖျက်သွားမယ်လို့ ဆိုပါတယ်။ 

အသက်ဆုံးရှုံးသွားရသူတွေအတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက အသုဘကြေး ဘတ် ၁ သိန်းစီ ဧပြီ ၁၈ ရက်နေ့မှ စတင်ထုတ်ပေးသွားမယ်၊ တိုက်ပြိုတဲ့ထဲ ပါသွားသူ ၁၀၃ ယောက်ရဲ့ အမည်စာရင်းကို ရရှိထားပြီး သက်ဆိုင်ရာက DNA မျိုးဗီဇဆက်နွှယ်မှု စစ်ဆေးပေးနေတာမှာ ၉၁ ယောက်ပဲ လာရောက်စစ်ဆေးခံတယ်‌၊ ကျန်ရှိသူတွေရဲ့ မိဘဆွေမျိုးတွေ ရှာဖွေဖို့   ထိုင်းနိုင်ငံခြားရေးဌာနက မြန်မာနယ်စပ် တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံခြားဌာနကို ချိတ်ဆက် ဆောင်ရွက်သွားမယ်လို့  ဒေါက်တာ ထဝိဒါက ပြောပါတယ်။ 

အဆိုပါ ဘတ် ၁ သိန်းမှာ ပြည်ထဲရေးဌာနက ပေးအပ်တာဖြစ်ပြီး နောက်ထပ် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး၊ လူမှုဖူလုံရေးဌာနနဲ့ သက်ဆိုင်ရာဆောက်လုပ်ရေးကုမ္ပဏီထံမှလည်း  လျော်ကြေးတွေ ထပ်ရဦးမှာ ဖြစ်ပါတယ်။  အလုပ်သမားတွေရဲ့ လုပ်သက်အလိုက် တွက်ချက်ပြီး တယောက်ကို ဘတ် ၁၀ သိန်းမှ သိန်း ၂၀ ထိ ရရှိနိုင်မယ်လို့  ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောထားပါတယ်။ 

အဆိုပါလျော်ကြေးတွေကို အထောက်အထားမဲ့ မြန်မာလုပ်သားတွေပါ ရရှိမှာ ဖြစ်တယ်။ ပြိုကျသွားတဲ့ အဆောက်အအုံထဲမှာ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားတွေ ပါဝင်ပါတယ်။

မြန်မာလုပ်သားတွေအနေနဲ့ သေဆုံး ပျောက်ဆုံးသူ အရေအတွက် အတိအကျမသိရပေမဲ့ ဘန်ကောက်ရောက် မြန်မာတက္ကသိုလ် ကျောင်းသူကျောင်းသား အဖွဲ့အစည်းနဲ့ WAG-အလုပ်သမားမဟာမိတ်အဖွဲ့တို့ ပူးပေါင်းပြီး  အဆောက်အအုံပြိုကျရာမှာ သေဆုံးသွားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၇ ယောက်အတွက် ကောင်းမှု အလှူအတန်းကို ဧပြီ ၁၁ ရက်နေ့က လုပ်ပေးခဲ့ပါတယ်။ 

ထိုင်းသတင်းမှာ ဖော်ပြထားတဲ့ တိုက်ပြိုမှုအတွင်း ပျောက်ဆုံးသူ အမည်စာရင်းမှာ မြန်မာလုပ်သား အမည် ၂၄ ယောက် ပါဝင်တာကို တွေ့ရပါတယ်။ 

အဆိုပါ အထပ် ၃၀ ရှိ အစိုးရငွေစာရင်းစစ်ဆေးရေး အဆောက်အအုံကို နိုင်ငံတော် ဘဏ္ဍာငွေ ဘတ်သန်းပေါင်း  ၂၅၆၀  အကုန်ကျခံပြီး ထိုင်းအီတာလျံဆောက်လုပ်ရေးကုမ္ပဏီနဲ့ China Railway 10 တရုတ်ကုမ္ပဏီတို့က တာဝန်ယူတည်ဆောက်နေတာ ဖြစ်ပါတယ်။ 

မတ် ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းကို ဗဟိုပြုလှုပ်သွားတဲ့ ငလျင်နဲ့ တပြိုင်နက်တည်းလို အဆိုပါအဆောက်အအုံ ပြိုကျသွားခဲ့တယ်၊ မြန်မာပြည်က ငလျင်တုန်ခါမှုကို ဘန်ကောက်နဲ့ ထိုင်းနိုင်ငံရဲ့ အခြားမြို့တွေမှာ ခံစားသိရှိခဲ့ပေမဲ့ တခြားအဆောက်အအုံတွေ ဘာမှမဖြစ်ဘဲ ဒီတိုက်တခုတည်းသာ ပြိုလဲသွားတာကြောင့် အထူးမှုခင်း စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ကိုယ်တိုင် တာဝန်ယူပြီး ဖြစ်ရပ်မှန်ကို စုံစမ်းနေရှိပါတယ်။ 

ဒါပေမဲ့ အဆောက်အအုံရဲ့ အစိတ်အပိုင်း တကဏ္ဍစီကို အခြားကုမ္ပဏီငယ်တွေကို အဆင့်ဆင့် ပြန်လည်ငှားရမ်းဆောက်လုပ်တာကြောင့် ဘယ်ကဏ္ဍမှာ ဘယ်လို ချို့ယွင်းချက်ရှိသလဲ ဆိုတာကို အဆင့်ဆင့် ဖော်ထုတ်နေရတယ်လို့ ဆိုပါတယ်။ 

ကနဦးတွေ့ရှိချက်မှာ တိုက်ဆောက်ရာမှာ အသုံးပြုတဲ့ သံမဏိတိုင်တွေ အရည်အသွေး စံချိန်မမီ၊  China Railway 10 ကုမ္ပဏီမှာ ထိုင်းလူမျိုး အမည်ခံထားတယ်၊ တဆင့်ပြန်ငှားတဲ့ ကုမ္ပဏီတွေက  အလုပ်သမား လုပ်အားခ သန်းနဲ့ချီ မပေးချေခဲ့ဘူး၊ တာဝန်ခံအင်ဂျင်နီယာအမည်မှာ ကာယကံရှင် မသိဘဲ လက်မှတ်တု လိမ်ထိုးထားတာ ဖြစ်တယ်၊ တိုက်ရဲ့အဓိက ဒေါက်တိုင်လိုဖြစ်တဲ့ ဓာတ်လှေကား ဒေါက်တိုင်ကို စာချုပ်ပါတဲ့အတိုင်း မလုပ်ဘဲ နံရံအထူ ၃၀ စင်တီမီတာမှ ၂၅ စင်တီမီတာထိ လျှော့ချ ဆောက်လုပ်တယ်၊ ပုံစံကို ပြုပြင်ပြောင်းလဲထားတယ် စတဲ့အမှုတွေ တစပြီးတစ ထွက်ပေါ်လာပါတယ်။ လောလောဆယ် China Railway 10 ကုမ္ပဏီ ခေါင်းဆောင်ပိုင်းတွေကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

Source:  The nation / 3 Plus News / Thairath TV News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013