
ထိုင်ဝမ်အစိုးရဟာ ကမ္ဘောဒီးယားမှ တရုတ်နိုင်ငံကို လိမ်လည်မှုနဲ့ ပြည်နှင်ဒဏ်ပေးခံရတဲ့ ထိုင်ဝမ်နိုင်ငံသား အရေအတွက်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရှောက်ခေါင်းဝေက ဧပြီ ၁၅ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒီအမှုမှာ နိုင်ငံသားအရေအတွက် ဘယ်လောက် ပါဝင်နေတယ်ဆိုတာ အတိအကျ သိနိုင်ဖို့ အစိုးရရှေ့နေတွေနဲ့ ညှိနှိုင်းနေဆဲဖြစ်ပြီး အစိုးရအနေနဲ့ လက်ရှိ ရေလက်ကြားဖြတ်ကျော်တဲ့ ယန္တရားကတဆင့် နောက်ထပ်အချက်အလက်တွေကို ရှာဖွေသွားမယ်လို့လည်း ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနဟာ နိုင်ငံရပ်ခြားမှာ တယ်လီကွန်း လိမ်လည်မှု အပါအဝင် တရားမဝင် လုပ်ဆောင်မှုတွေမှာ မပါဝင်ကြဖို့နဲ့ သူ့နိုင်ငံပြည်တွင်း ဥပဒေတွေကို မချိုးဖောက်ဖို့တွေကို နိုင်ငံသားတွေကို ထပ်မံတောင်းဆိုလိုက်ပါတယ်။
အဲဒီတရားမဝင် လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်မိရင် မိမိတို့ရဲ့ ကိုယ်ပိုင်အနာဂတ် နိဂုံးချုပ်သွားနိုင်ပြီး တိုင်းပြည်ရဲ့ ပုံရိပ်ကိုလည်း ပျက်စီးစေလိမ့်မယ်လို့ ရှောက်ခေါင်းဝေက ပြောပါတယ်။
ဧပြီ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားနိုင်ငံဟာ တယ်လီကွန်းလိမ်လည်မှုမှာ ပါဝင်ပတ်သက်မှု သံသယနဲ့ ထိုင်ဝမ်နိုင်ငံသား ၁၈၀ ကို မကြာသေးမီက ဖမ်းဆီးခဲ့ပြီး ဒီသီတင်းပတ်ထဲမှာပဲ တရုတ်နိုင်ငံသားတွေ အပါအဝင် လူပေါင်း ၁၉၀ နီးပါးကို ကမ္ဘောဒီးယား ကနေ တရုတ်နိုင်ငံကို ပို့လွှတ်ခဲ့ကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ တရုတ်နဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိပြီး ထိုင်ဝမ်သံရုံး မရှိတဲ့ နိုင်ငံအနည်းငယ်ထဲက အရှေ့တောင်အာရှဒေသမှာ ထင်ရှားပါတယ်။
ကမ္ဘောဒီးယားဟာ နိုင်ငံအများစုလိုပဲ တရုတ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေးရှိပြီး ထိုင်ဝမ်ကိုလည်း နိုင်ငံခြား တခုခုနဲ့ ဆက်သွယ်ခွင့်မရှိတဲ့ ပြည်နယ်တခုအဖြစ်သာ သဘောထားပြီး ထိုင်ပေရဲ့ အစိုးရအဖြစ် ရပ်တည်ချက်ကို ပယ်ချခဲ့ပါတယ်။
Source: Reuters