DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲများဖြစ်ပွား
DVB
·
April 15, 2025
ဖားကန့်တွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲများဖြစ်ပွား
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ခွမ်စိုင်ယန်ကျေးရွာအနီး စစ်ကောင်စီတပ်၊ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ပူးပေါင်းတပ်တွေနဲ့  KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ဖားကန့်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၂၊ တပ်ရင်း ၂၀ နယ်မြေက လဝါးကျေးရွာနား ခွမ်စိုင်ယန်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့တွေ စစ်ကြောင်းထိုးလာတာကြောင့် KIA ဘက်က ခုခံတိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

ဧပြီ ၁၅ ရက် နေ့လယ်ပိုင်းအထိ တိုက်ပွဲတွေ ဆက်ရှိနေသလို တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ခန့်ရှိလာပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“ဒီမနက်ကတည်းက တိုက်ပွဲဆက်ဖြစ်နေတယ်။ လဝါးတဝိုက်ပေါ့။ လဝါး-ခွမ်စိုင်ယန်တဝိုက်။ ကားမိုင်းတပ်မကုန်းကလည်း လက်နက်ကြီးတွေပစ်ကူနေတယ်။ မင်းဇေသန့်အဖွဲ့နဲ့ စကစတွေ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြန်ဖြစ်တာ။”

တိုက်ပွဲအတွင်း မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေဘက်က ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ရှိနေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေ နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

“မင်းဇေသန့်တို့က ဒရုန်းတွေသုံးတယ်။ စကစဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုလုပ်တာ ၃ ရက်ရှိပြီ။ ဒီနေ့လည်း ဂျက်ဖိုက်တာနဲ့ ၁၁ နာရီကျော်လောက်က လာပစ်သွားတယ်။ မနေ့က ၁၄ ရက်ကက ညနေပိုင်း လေယာဉ်နဲ့လာကြဲတယ်။ ၁၃ ရက်နေ့က မနက်ပိုင်း လေယာဉ်နဲ့ ဗုံးလာကြဲတယ်။”

စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေက ဖားကန့်– တနိုင်းသွားလမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ဖို့အတွက် မတ်လကုန်ပိုင်းမှာ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ပြီး စစ်ကြောင်းထိုးနေတာကြောင့် လီဒိုလမ်းမပေါ်မှာ အခုလိုတိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

လဝါးကျေးရွာထဲမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ကို KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ် ၃၁ ရက်နေ့မှာ သွားရောက်ပစ်ခတ် တိုက်ထုတ်လိုက်ပြီးနောက် ဧပြီ ၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လဝါးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တနိုင်းလီဒိုလမ်းမပေါ် ဇန်နဝါရီလကစတင်လာတဲ့ တိုက်ပွဲကြောင့် ဝါရာဇွပ်ဒေသခံတွေအပါအဝင် ကွမ်စိုင်ယန်၊ ဒွမ်ဘန်၊ လဝါးစတဲ့ကျေးရွာတွေထဲက ဒေသခံပြည်သူအများစုက တောထဲမှာ ကတုတ်ကျင်းတူးပြီး မိုးကာတဲတွေနဲ့ တိမ်းရှောင်နေသူတွေရှိသလို နမ္မတီးမြို့ပေါ်ရှိ လမ်းခွ၊ ကံလှ၊ ဝအောင်ကျေးရွာတို့မှာ တိမ်းရှောင်ခိုလှုံနေကြတဲ့အတွက်  နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ အခက်ကြုံနေကြတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီက သိရပါတယ်။

မတ် ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်နိုင်ဖို့ စစ်ကောင်စီက ဧပြီ ၂ ရက်ကစပြီး ၂၂ ရက်နေ့အထိ ယာယီအပစ်ရပ်ကြောင်း ထုတ်ပြန်ထားတာကြောင့် KIA ဘက်ကလည်း အပစ်ရစ်ကြောင်း ထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ရေးလှုပ်ရှားမှု ဆက်တိုက်ရှိနေတာပါ။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013