
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲက ဘုန်းကြီးကျောင်းကို ဧပြီ ၁၄ ရက် (သင်္ကြန်အကျနေ့) နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆောင်တွေ ပျက်စီးသွားသလို ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။
Indaw Revolution (IR) ရဲ့ တာဝန်ရှိသူက “အင်းတော်မြို့နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေး ထီးချိုင့်နယ်အစပ်နားက ပိန္နဲကုန်းရွာဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲလို့ ကျောင်းဆောင်တွေ ပျက်စီးတယ်။ နောက်ပြီး ပိန္နဲကုန်းရွာ ပတ်ချာလည်ကိုလည်း စက်လက်တွေနဲ့ ပစ်သွားသေးတယ်။ ပြည်သူ ထိခိုက်မှု အနည်းငယ်ရှိတယ် ဆိုတာလောက် သိရတယ်။ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ အဆက်မပြေလို့ အတိအကျမသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆိုပါဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံ စစ်ဘေးရှောင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတချို့ ထိခိုက်ဒဏ်ရာရှိသွားခဲ့ကြတယ်လို့ စုံစမ်းသိရပေမဲ့ DVB အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ အင်းတော်မြို့က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံး လက်ကျန်စခန်းဖြစ်တဲ့ ဂျပန်လှိုဏ်ဂူတပ်စခန်းကုန်းကို ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး အပါအဝင် စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိထားသလို စစ်ကောင်စီတပ်ဘက်ကလည်း အင်းတော်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “စစ်ကိုင်းတိုင်းထဲမှာ အင်းတော်မြို့ကို သိမ်းပိုက်ရရှိထားတာ မကြာသေးဘူး။ တိုက်ပွဲမဖြစ်ခင်၊ တိုက်ပွဲတွေထဲနဲ့ တိုက်ပွဲတွေ ပြီးတော့လည်း စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေကတော့ ဆက်တိုက်ပါပဲ။ အင်းတော် တင်မကဘူး၊ အင်းတော်နဲ့ နယ်မြေခြင်းတွေ ထိစပ်နေတဲ့ ကောလင်း၊ ဝန်းသို၊ ထီးချိုင့်မြို့နယ်တွေထဲမှာလည်း လေကြောင်းကနေ တိုက်ခိုက်တဲ့ စစ်ရာဇာဝတ်မှုတွေကို စစ်တပ်က ဆက်တိုက်ကျူးလွန်နေတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့ကလည်း ဝန်းသိုမြို့နယ်ထဲက နန်းခမ်းကျေးရွာကို လေယာဥ်နဲ့ဗုံးကြဲခဲ့လို့ ဒေသခံပြည်သူ ၃၀ နီးပါးသေဆုံးခဲ့ရသလို ဧပြီ ၁၀ ရက်နေ့မှာလည်း ကောလင်းမြို့နယ်ထဲက အင်ပင်လှကျေးရွာ စာသင်ကျောင်းကို လေယာဥ်နဲ့ဗုံးကြဲခဲ့လို့ ကလေးငယ်တယောက် သေဆုံးကာ ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပါတယ်။
ဧပြီ ၁၃ ရက် (သင်္ကြန်အကြို) နေ့မှာလည်း ကောလင်းမြို့နယ်ထဲက ကုက္ကိုလ်ကုန်းကျေးရွာနဲ့ ညောင်ကုန်းကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြသေးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ ကောလင်း၊ ဝန်းသို၊ ထီးချိုင့်မြို့နယ်တွေက ပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ဗုံးခုံကျင်းတူးတာ စတဲ့ လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကို အရေးပေါ်ပြုလုပ်ထားကြဖို့နဲ့ လေယာဉ်သံ ကြားပါကလည်း ဗုံးခိုကျင်းတွေထဲကို ဝင်ရောက်ပုန်းခိုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။
Photo: Indaw Revolution – IR