
တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးဟာ ပုန်ကန်မှု ကျူးလွန်ခဲ့တာ မရှိဘူးလို့ ဧပြီ ၁၄ ရက် ဆိုးလ်ဗဟိုခရိုင်က တရားရုံးကြားနာပွဲမှာ ငြင်းဆိုလိုက်ပါတယ်။
ယွန်းရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် ရာဇ၀တ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးခြင်း ပထမနေ့အဖြစ် သူဟာ တရားရုံးကို ရောက်ခဲ့တာပါ။
အရပ်သားအုပ်ချုပ်ရေးကို ဖြိုခွင်းဖို့ ဒီဇင်ဘာ ၃ ရက် ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေက စွပ်စွဲပြစ်တင်တာ ခံရအပြီး ယွန်းဟာ သမ္မတတာဝန်ကနေ ဆိုင်းငံ့ခံခဲ့ရကာ အခုလအစောပိုင်းမှာတော့ ရာထူးကနေ တရားဝင် ဖယ်ရှားခံခဲ့ရပါတယ်။
ဇန်န၀ါရီလမှာ ယွန်းကို စွဲဆိုထားတဲ့ ရာဇ၀တ်မှုနဲ့ စပ်လျဉ်းပြီး အဖမ်းခံရတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးသော နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခဲ့ပေမဲ့ နောက်ပိုင်းမှာ လုပ်ထုံးလုပ်နည်း အရသူ့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ယွန်းက မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်အတွက် ပုန်ကန်တယ်လို့ စွပ်စွဲခံထားရပေမဲ့ သူ့ရဲ့တရားရေးအဖွဲ့က စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပါတယ်။
သမ္မတဟောင်းက သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ ရပ်တည်ခဲ့ပါတယ်။
“အကြမ်းမဖက်ဘဲ နာရီနည်းနည်းသာကြာတဲ့ အဖြစ်အပျက်တခုကို ပုန်ကန်မှုအဖြစ် သတ်မှတ်ပြီး ဖျက်သိမ်းဖို့ တောင်းဆိုချက်ကို အမျိုးသားလွှတ်တော်ကနေ ချက်ချင်းလက်ခံလိုက်တာက တရားဝင်အခြေအမြစ်မရှိဘဲ ကျနော့်ကို လုပ်ကြံလိုက်တာပါ”လို့ ယွန်းက တရားရုံးမှာ ပြောပါတယ်။
တရားသူကြီးက ယွန်းကို ‘သမ္မတဟောင်း’ လို့ရည်ညွှန်းပြီး ‘ခုခံလျှောက်လဲသူ ယွန်း၊ ခင်ဗျားရဲ့အလုပ်က သမ္မတဟောင်းဖြစ်လို့ ခင်ဗျားကိုလက်ရှိမှာ ဘယ်လို ရည်ညွှန်းရမလဲ’လို့ မေးခဲ့ပါတယ်။
အစိုးရရှေ့နေဟောင်းလည်းဖြစ်တဲ့ ယွန်းက တရားခွင်မှာ တရားလိုရဲ့ တင်ပြချက်ကို ပြဖို့ တရားရုံးကို တောင်းဆိုခဲ့ပြီး ဖွင့်ဆိုချက်ကို အချက်တချက်ချင်း ငြင်းဆိုခဲ့ပါတယ်။
ယွန်းဟာ စစ်အုပ်ချုပ်ရေးကို ကြိုတင်စီစဉ်ပြီး စစ်တပ်ကို လွှတ်တော်မှာ တာဝန်ချတာ အပါအဝင် ပြတင်းပေါက်တွေကို ဖျက်ဆီးပြီး လျှပ်စစ်မီးကို ဖြတ်တောက်ဖို့ အမိန့်ပေးခဲ့တယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအမိန့်ကို ဖောက်ဖျက်ဖို့ ရည်ရွယ်ချက်နဲ့ လူထုအုံကြွမှုကို လှုံ့ဆော်ဖို့ ကြံစည်ခဲ့တယ်လို့ စွဲချက်မှာ ဖော်ပြထားပါတယ်။
Source : Reuters