
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပိန္နဲကွင်းကျေးရွာ၊ ကမ်းပျိုတောင်ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ထွက် ပြေးသွားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တပ်ဖွဲ့ဝင် ၅ ယောက်ဟာ ဧပြ ၁၂ ရက်က ၃ ယောက် နဲ့ ၁၃ ရက်မှာ ၂ ယောက် ထွက်ပြေးတာဖြစ်ပြီး လေးမျက်နှာမြို့နယ်မှာ ခုခံစစ်ပြင်ဆင်ဖို့အတွက် ရောက်နေတဲ့ တပ်သားတွေထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
တပ်တွင်းသတင်းရင်းမြစ်တယောက်က “တပ်ကြပ်တယောက်အပါအဝင် ၅ ယောက် ထွက်ပြေးတာလို့သိရတယ်။ အဓိကကတော့ စစ်မတိုက်ချင်တော့တာကြောင့် ထွက်ပြေးတာပေ့ါ။ ဒီသတင်းနဲ့ပတ်သက်လို့ လုံးဝ ပိတ်ထားတယ်” လို့ ပြောပါတယ်။
အဲ့ဒီထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ဟာ ကျုံပျော်အခြေစိုက်တပ်ရင်းမှာ တာဝန် ကျနေတဲ့ ဧရာဝတီတိုင်းက ၃ ယောက်၊ ရန်ကုန်တိုင်းက ၂ ယောက်ဖြစ်ပြီး လေးမျက်နှာမြို့နယ် စစ်ဆင်ရေးကို အပို့ခံရတာကြောင့် ထွက်ပြးတိမ်းရှောင်သွားတာလို့ ဆိုပါတယ်။
ပိန္နဲကွင်းကျေးရွာခံတယောက်က “စစ်သားတွေ လက်နက်တွေနဲ့ လိုက်ရှာနေတယ်။ ဆံပင်ပုံစံပြောပြီး လိုက်ရှာနေတာ။ တွေ့သွားတဲ့ပုံမရပါဘူး။ တွေ့ရင်လက်မခံဖို့နဲ့ အကြောင်းကြားဖို့ ပြောသွားတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နဲ့ ဖေဖော်ဝါရီ ၂ ရက်ကလည်း ပုသိမ်မြို့နယ်ရှိ ခြေလျင်တပ်ရင်း ခလရ-၁၁ က အရာရှိ အပါအဝင်တပ်သား ၁၄ ယောက်၊ ရေကြည်မြို့နယ် အမှတ် ၃၄၄ အမြောက်တပ်ရင်းက တပ်ကြပ်အပါအဝင် တပ်သား ၁၂ ယောက်နဲ့ ပုသိမ်မြို့ရှိအမှတ် ၆ စစ်အခြေခံ လေ့ကျင့်ရေးတပ်က တပ်သားသစ် ၅ ယောက်ဟာ လက်နက်တွေ ယူဆောင်ပြီး ထွက်ပြေးသွားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။