DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ခေါင်းဆောင်နှင့် မလေးရှားဝန်ကြီးချုပ် ဘန်ကောက်တွင် တွေ့ဆုံရန်ရှိ
DVB
·
April 14, 2025
မြန်မာစစ်ခေါင်းဆောင်နှင့် မလေးရှားဝန်ကြီးချုပ် ဘန်ကောက်တွင် တွေ့ဆုံရန်ရှိ
Donate to DVB

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်ဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လာမယ့် ဧပြီ ၁၇ ရက်မှာ တွေ့ဆုံသွားဖို့ ရှိနေတဲ့အကြောင်း Malay Mail သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အဆိုပါ တွေ့ဆုံမှုမှာတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့အတွက် စစ်အုပ်စုကို တိုက်တွန်းတာတွေ အပါအဝင် တခြားသော ကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ ဝန်ကြီးချုပ် အန်နဝါက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ မကြာသေးခင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်ခဲ့ကြရတဲ့ ဒုက္ခသည်တွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ဖို့အတွက် အပစ်အခတ် ရပ်စဲရေးက အရေးကြီးပါတယ်။”

မလေးရှားဝန်ကြီးချုပ်အနေနဲ့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှုဟာ ပထမအကြိမ်ဖြစ်ပြီး အာဆီယံ အနေနဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုအတွက် ဘုံသဘောတူညီချက် ၅ ရပ်ကို ကတိကဝတ် ပြုထားပေမဲ့ ဒီအစည်းအဝေးကတော့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စသက်သက်နဲ့သာ ကျင်းပတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် မြန်မာ့ငလျင်ဘေးနဲ့ ပတ်သက်ပြီးတော့ မလေးရှားတပ်မတော်က ဦးစီးတဲ့ ယာယီဆေးရုံ အပါအဝင် အကူအညီတွေ ဆက်လက်ပေးအပ်ဖို့ အစိုးရအဖွဲ့က သဘောတူထားတဲ့ အကြောင်းလည်း သူကဆိုပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟာ စစ်ခေါင်းဆောင်နဲ့ ဖုန်းခေါ်ဆိုမှု တကြိမ်ရှိခဲ့ပြီး လာမယ့် ဧပြီ ၁၇ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အားလပ်ရက်ဖြစ်ပေမဲ့ ဘန်ကောက်မှာ တွေ့ဆုံဖို့ သဘောတူခဲ့သလို ဒါက မလေးရှားကို လေးစားမှုနဲ့ တွေ့ဆုံဆွေးနွေးရေးမှာ ပါဝင်လိုတဲ့ ဆန္ဒကို ထင်ဟပ်နေတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်ရေးစစ်ဆင်ရေးတွေ ရပ်ဆိုင်းထားမှသာ အကူအညီတွေ ပေးအပ်မှာ ဖြစ်တဲ့အကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်လို့ အန်နဝါက ပြောပါတယ်။

“ပြည်သူတွေ ဒုက္ခရောက်နေတယ်… ဒါကြောင့် အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့တယ်၊ နှစ်ရက်အကြာမှာတော့ မြန်မာဘက်က အပစ်အခတ်ရပ်စဲရေးကို ဧပြီ ၂၂ ရက်အထိ ကြေညာခဲ့ပါတယ်။”

လတ်တလောမှာတော့ စစ်ခေါင်းဆောင်ရဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ သတင်းတစုံတရာ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ဟာ ငလျင်ဘေးကြုံနေရတဲ့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သွားရောက်ခဲ့ပြီး အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်တွေကို ပူးတွဲခေါင်းဆောင်သူအဖြစ် ဆောင်ရွက်နေကြတာ ဖြစ်သလို ဒီခရီးစဉ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ရော စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံ ငလျင်ဘေးအတွက် အဖွဲ့ဝင် ၅၀ ပါ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ်ထားသလို မလေးရှားရင်းဂစ်ငွေ ၁၀ သန်းနဲ့ လူသားချင်းစာနာမှု အကူအညီ ၁၅ တန် ပေးပို့ကူညီထားတယ်လို့လည်း သိရပါတယ်။

Source:  Malay Mail

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013