Home
မြန်မာသတင်း
ကိုရီးယား ဂါချွန်တက္ကသိုလ်က ငလျင်ဘေးသင့် မြန်မာကျောင်းသားများကို ငွေကြေးထောက်ပံ့မည် 
DVB
·
April 14, 2025
Photo : Gachon University

ကိုရီးယားတက္ကသိုလ်တခုဖြစ်တဲ့ ဂါချွန်တက္ကသိုလ် (Gachon University) က ငလျင်ဘေးသင့် မြန်မာနိုင်ငံက ကျောင်းသားတွေကို ငွေကြေးထောက်ပံ့မှုတွေ ပေးအပ်သွားမယ်လို့ ဧပြီ ၁၄ ရက် ဒီကနေ့ထုတ် Korea JoongAng Daily သတင်းမှာ ဖော်ပြပါတယ်။

တက္ကသိုလ်အနေနဲ့ ငလျင်လှုပ်ခတ်ပြီးနောက် ကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေကို တစိတ်တပိုင်း ကူညီနိုင်ဖို့အတွက် ခုလိုပေးအပ်သွားမှာဖြစ်ကာ စုစုပေါင်း ကိုရီးယားဝမ် ၁၂၃ သန်းထိ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ဂါချွန်တက္ကသိုလ် ဥက္ကဋ္ဌ လီဂီလ်ရာက “မြန်မာနိုင်ငံက ပြည်သူတွေနဲ့ နိုင်ငံတကာ ကျောင်းသားတွေအတွက် ကျမတို့အနေနဲ့ အလေးအနက်ထား ကိုယ်ချင်းစာမိပါတယ်။ ကျမတို့က ခက်ခဲတဲ့အချိန်တွေမှာတောင် ကျောင်းသားကျောင်းသူတွေအနေနဲ့ ဆကလက်ပြီးတော့ ပညာသင်ကြားနိုင်ဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ ပံ့ပိုးကူညီမှုတွေ ထပ်ပြီးတော့ ပေးအပ်သွားမှာပါ” လို့ ပြောပါတယ်။

တက္ကသိုလ်က မြန်မာကျောင်းသား ၆၁၉ ယောက်ကို တကြိမ်ငွေပေးသွင်းမှု ဝမ် ၂ သိန်းစီ ပေးအပ်သွားမှာဖြစ်ပြီး အဲဒီထဲမှာ တက္ကသိုလ်ရဲ့ ကိုရီးယားဘာသာစကားစင်တာက ၃၆၇ ယောက်၊ ဘွဲ့ကြိုတန်းက ၂၂၅ ယောက်နဲ့ ဘွဲလွန်တန်းက ၂၇ ယောက်စီ ပါဝင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တက္ကသိုလ်အနေနဲ့ ငွေကြေးပံ့ပိုးမှုအပြင် ထိခိုက်ခံစားရတဲ့ ကျောင်းသားတွေအအတွက် စိတ်ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေပါ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

အစောပိုင်းကာလတုန်းကလည်း တောင်ကိုရီးယားအစိုးရအနေနဲ့ ငလျင်အပြီး အရေးပေါ် ကယ်ဆယ်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးအတွက် ကြက်ခြေနီ‌ကတဆင့် ဒေါ်လာ ၂ သန်း ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သလို နောက်ထပ်အကူအညီအဖြစ် ငလျင်ဒဏ်သင့်သူတွေကို ကူညီဖို့အတွက် ရွက်ဖျင်တဲအလုံး ၅၀၀ လောက်၊ ရေသန့်ဘူးအလုံး ၄,၀၀၀ နဲ့ စောင်အထည် ၈၀,၀၀၀ လောက်ကို ပေးပို့သွားဖို့ ရှိနေတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြန်မာ့အရေးမှာ အမြဲတမ်းကူညီပေးနေတဲ့ ကိုရီးယားနိုင်ငံက မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ကိုရီးယားအနုပညာရှင်တွေနဲ့ အဆိုတော် အိုင်ဒေါတွေက  ငလျင်ဘေးအတွက် နိုင်ငံတကာအဖွဲ့တွေကနေတဆင့် ငွေကြေးတွေ လှူဒါန်းခဲ့ကြသလို ဟန်ဆောင်းတက္ကသိုလ်ကလည်း မြန်မာ့ငလျင်ဒဏ်သင့်ဒေသတွေက ကျောင်းသားတွကို ပညာသင်ဆု ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

Source : Korea JoongAng Daily

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024