
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတယောက် စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက အိပ်ခန်းထဲ သေဆုံးမှုဖြစ်ခဲ့ပြီး ရက်ပိုင်းအတွင်း အလားတူ သေဆုံးတဲ့ မြန်မာနိုင်ငံသား ၄ ယောက် အထိ ရှိလာတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
ချွန်နမ်ပြည်နယ်က နေအိမ်အိပ်ခန်းထဲမှာ အသက် ၂၇ နှစ်အရွယ် ကိုညီဝေယံနိုင်ဟာ နှလုံး ရုတ်တရက်ရပ် သေဆုံးတာကို အခန်းဖော်က တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူမှာ တောင်ကိုရီးယားကို ရောက်တာ ၃ နှစ်လောက်ရှိပြီဖြစ်ပြီး ရန်ကုန်တိုင်း ကျောက်တန်း မြို့နယ်က ဖြစ်တယ်လို့ အလုပ်အတူလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
အဲဒီမတိုင်ခင် စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက ဂယောင်ဂီပြည်နယ်၊ အိုဂျောင်းမြို့က နေအိမ်မှာ အသက် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုဇော်မိုးဆွေ ဆိုသူလည်း အလားတူ အိပ်နေရင်း သေဆုံး တဲ့ဖြစ်ရပ် ရှိခဲ့ပါတယ်။
တောင်ကိုရီးယားရောက် မြန်မာလုပ်သားတယောက်က “ဘယ်လိုတွေတောင် ဖြစ်ရတာလဲ မပြောတတ်ဘူး။ ရှေ့ဆင့်နောက်ဆင့်တွေ ဖြစ်နေတာ၊ စိတ်လည်းမကောင်းဘူး။ ကိုယ့်နိုင်ငံသားတွေ သတင်းကို အခုလို မကြားချင်တော့ဘူး” လို့ ပြောပါတယ်။
မြန်မာနိုင်ငံသားနှစ်ယောက် နှစ်ရက်အတွင်း ပုံစံတူ ရှေ့ဆင့် နောက်ဆင့် သေဆုံးခဲ့ရတာဖြစ်သလို အလားတူ သေဆုံးတဲ့ နောက်ထပ်နှစ်ယောက် မကြာခင်ရက်ပိုင်းက ရှိခဲ့တယ်လို့ တောင်ကိုရီယား ရောက် မြန်မာလူမှုအဖွဲ့တွေဆီက သိရပါတယ်။
အသက် ၃၁ နှစ်အရွယ် ကိုဇင်ကိုကိုအောင်မှာ သြဂုတ် ၃၁ ရက်က လုပ်ငန်းခွင်ထဲ အလုပ်လုပ်နေရင်း မူးလဲသွားပြီး ဆေးရုံမှာ သေဆုံးခဲ့ရသလို ဟွာဆောင်မြို့မှာ သြဂုတ် ၂၆ ရက်က အသက် ၄၁ နှစ်အရွယ် ကိုဖြိုးပိုင် ဆိုသူ နေအိမ်မှာအိပ်နေရင်း အသက်ဆုံးရှုံးမှု ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ရက် ၂၀ လောက်အတွင်းမှာ ရုတ်တရက် သေဆုံးခဲ့ရတဲ့ မြန်မာလုပ်သား ၄ ယောက်အထိ ရှိလာတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အခုနှစ်အတွင်း မြန်မာလုပ်သားတွေ ရောဂါကြောင့် ရုတ်တရက် သေဆုံးတာ၊ လုပ်ငန်းခွင်ထဲ ထိခိုက်မှုဖြစ်ပြီး သေဆုံး ဒဏ်ရာရတဲ့ ဖြစ်ရပ်တွေ မကြာခဏ ရှိနေတာ ကြောင့် ဂရုတစိုက် နေထိုင်လုပ်ကိုင်ဖို့ အပြန်အလှန် သတိပေး လှုံ့ဆော်နေကြပါတယ်။











