
တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန် (DMZ) ရဲ့ အနောက်ဘက်ခြမ်းမှာ စစ်ဆင်ရေးလုပ်နေတုန်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယားစစ်ဘက်အရာရှိ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ကိုးရီးယားမြို့တော် ဆိုးလ်မြို့ရှိ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က စက်တင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။
အရာရှိ ၂ ယောက်ကို ရဟတ်ယာဉ်နဲ့ ရွှေ့ပြောင်းကုသ ပေးခဲ့ပါတယ်။ တတိယမြောက်အရာရှိကိုလည်း ရဟတ်ယာဉ်နဲ့ မရွှေ့ပြောင်းမီ ကုန်းလမ်းက တဆင့် သယ်ယူပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ JCS က သတင်းထုတ်ပြန်ပါတယ်။
ဒါပေမဲ့သူတို့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို မထုတ်ပြန်ပါဘူး။
မြေမြှုပ်မိုင်းတလုံးကြောင့် ပေါက်ကွဲခဲ့တာ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားမီဒီယာတွေက ဖော်ပြပါတယ်။
ပေါက်ကွဲမှုဟာ DMZ အထဲက စစ်ရေးနယ်နိမိတ်မျဉ်းရဲ့ တောင်ဘက်မှာ ဖြစ်ခဲ့တာလို့ JCS က ပြောပါတယ်။
၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲဟာ ငြိမ်းချမ်းရေး စာချုပ် မချုပ်ရသေးတာကြောင့် သဘောတရားအရ စစ်ပွဲ ဖြစ်နေဆဲပါ။
Source:Reuters











