
မက္ကဆီကိုနိုင်ငံတောင်ပိုင်း အိုဟာကာပြည်နယ်မှာ ဧပြီ ၁၂ ရက်က ဟက်တာရာနဲ့ချီ လောင်ကျွမ်းခဲ့တဲ့ တောမီးကို ငြှိမ်းသတ်ရေး အရေးပေါ်အကူအညီပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။
စန်တိုဒိုမင်ဂိုတိုမယ်တေပေမြို့မှာ ပြင်းထန်တဲ့ လေပြင်းတိုက်ခတ်မှုကြောင့် အနားကမြို့တွေဆီ မီးတောက် ကူးစက်လောင်ကျွမ်းခဲ့ပြီး ဧပြီ ၁၁ ရက်ကစလို့ ရပ်ကွက်တွေကို သတိထားနေကြတယ်လို့ မက္ကဆီကိုမီဒီယာတွေက ဖော်ပြပါတယ်။
ဟက်တာ ၅၀၀ လောက် လောင်ကျွမ်းသွားခဲ့တဲ့ မီးကို ငြှိမ်းသတ်ရေး ကြိုးပမ်းရာမှာ အာဏာပိုင်တွေက မီးသတ်တပ်ဖွဲ့တွေ စေလွှတ်ပြီး ဒေသခံ စေတနာ့ဝန်ထမ်း အယောက် ၈၀ လောက် ပါဝင်ခဲ့တယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။
ရဟတ်ယာဉ်တွေနဲ့ ရေသိုလှောင်ကန်တွေလို မီးငြှိမ်းသတ်ရေး အရေးပေါ်အကူအညီတွေ တောင်းဆိုဖို့ ဒေသခံတွေက လမ်းကို ပိတ်ဆို့ခဲ့ပါတယ်။
တောမီးကနေ မီးခိုးငွေ့တွေ ထူလာလို့ စန်တာကာတာရီနာမြို့က မြို့ခံတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ပြည်နယ် အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။
တောမီးဟာ မြို့လေးမြို့ကို ခြိမ်းခြောက်ခဲ့ပြီး ခုတော့ တောမီးရဲ့ ၇၅ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဧပြီ ၁၂ ရက်မှာ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
Source : Reuters