DVB Logo
Home
မြန်မာသတင်း
CNO/CNDF က ၄ နှစ်အတွင်း တိုက်ပွဲ ၁၇၀ ကျော် ဆင်နွှဲခဲ့ပြီး ရဲဘော် ၉၀ ကျော် ကျဆုံး
DVB
·
April 14, 2025
CNO/CNDF က ၄ နှစ်အတွင်း တိုက်ပွဲ ၁၇၀ ကျော် ဆင်နွှဲခဲ့ပြီး ရဲဘော် ၉၀ ကျော် ကျဆုံး
Donate to DVB

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ဟာ တော်လှန်ရေးကာလ ၄ နှစ်အတွင်း တိုက်ပွဲပေါင်း ၁၇၀ ကျော်ဆင်နွှဲခဲ့ပြီး ရဲဘော် ၉၀ ကျော် ကျဆုံးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်တည်ထောင်ခြင်း ၄ ပြည့်တဲ့ ဧပြီ ၁၃ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

CNDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်တပ်က ပြည်သူ့အာဏာကို မတရာသိမ်းပိုက်ထားတာကို ဆန့်ကျင်တော်လှန်ပြီး ဖက်ဒရယ်ပြည်ထောင်စုရရှိဖို့ စတင်တည်ထောင်ခဲ့တဲ့ ကျနော်တို့ CNO/CNDF ဟာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ တော်လှန်ရေး ၄ နှစ်တာကာလမှာ ကျနော်တို့ တဖွဲ့တည်းဆင်နွှဲတဲ့ တိုက်ပွဲ ၂ ပွဲနဲ့ စခန်းသိမ်းတိုက်ပွဲ ၁၃ ပွဲ အပါအဝင် တိုက်ပွဲပေါင်း ၁၇၀ ကျော် ဆင်နွှဲ့ခဲ့တယ်။ တိုက်ပွဲတွေအတွင်းမှာ ကျနော်တို့ဘက်က ရဲဘော် ၉၁ ယောက်ဟာ အမျိုးသားအရေးနဲ့ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ရင်း ကျဆုံးခဲ့ပြီးတော့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ပြီး မသန်စွမ်းဖြစ်ခဲ့ရသူက ၆၃ ယောက်ရှိခဲ့တယ်” လို့ ပြောပါတယ်။

CNO/CNDF ဟာ စစ်ရေး၊ နိုင်ငံရေး ဦးတည်ချက်ခြင်းတူညီတဲ့ ချင်းညီနောင်တပ်ဖွဲ့နဲ့ လက်တွဲပြီး ချင်းပြည်နယ်တခွင်လုံး စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ရုံသာမက ပြည်ထောင်စုတဝန်းလုံး စစ်ကောင်စီကင်းစင်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

CNO/CNDF အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက “တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ကြတဲ့အခါမှာ ရဲဘော်တွေ ကျဆုံးခဲ့ရတာတင်မကဘဲ စစ်ဆင်ရေး ကုန်ကျစရိတ်တွေလည်းများခဲ့တယ်။ အဲ့ဒီပေးဆပ်မှုတွေဟာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့ ပေးဆပ်ရတာ ဖြစ်တယ်။ ရဲဘော်တွေရဲ့ စွမ်းဆောင်ရည်တွေကြောင့် တိုက်ပွဲတိုင်း အောင်မြင်မှုတွေ ရရှိခဲ့ကြတယ်။ အဲ့ဒီအောင်မြင်မှုတွေဟာ ချင်းပြည်သူလူထုတင်မဟုတ်ဘဲ အဖိနှိပ်ခံပြည်သူလူထုအားလုံးရဲ့ အောင်မြင်မှုတွေဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ ချင်းပြည်နယ်အတွင်းမှာ စစ်ကောင်စီကင်းစင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ ၆၀ ရာခိုင်နှုန်းပဲ ပြီးမြောက်ခဲ့လို့ နောက်ထပ်မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ပုံကျပြီး အမိန့်နာခံမှုရှိတဲ့ Professional Army ဖြစ်အောင်လည်း ကြိုးစားသွားရမှာဖြစ်တယ်။ ဆက်လက်ပြီးတော့လည်း တီးတိန်မြို့ကို ထပ်ပြီးဝင်ရောက်ဖို့ရှိတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲရလဒ်ကောင်းလိုမျိုး တီးတိန်မြို့ သိမ်းတိုက်ပွဲမှာလည်း ရလဒ်ကောင်း တွေရမယ်လို့ မျှော်လင့်တယ်” လို့ DVB ကို ပြောပါတယ်။

ချင်းညီနောင်နဲ့မဟာမိတ်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖလမ်းမြို့ကိုသိမ်းပိုက်ပြီး ချင်းအမျိုးသားအဖွဲ့ချုပ်တည်ထောင်ခြင်း ၄ နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်တဲ့အပေါ်မှာလည်း ဝမ်းမြောက်ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

အဆိုပါ ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ စစ်ကောင်စီဘက်က လက်နက်ကြီးတွေအပြင် လက်နက်ယမ်းအမြောက်အမြားနဲ့အတူ ငွေကြေးများစွာကိုလည်း သိမ်းဆည်းရရှိခဲ့သလို ဖလမ်းမြို့သိမ်း တိုက်ပွဲမတိုင်ခင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေကိုလည်း လွတ်ငြိမ်းချမ်းသာတွေပေးခဲ့သလို စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားတဲ့ ဖလမ်းမြို့ကိုလည်း ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို စနစ်တကျ ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

CNO/CNDF အနေနဲ့ ချင်းပြည်စုပေါင်းတည်ထောင်နိုင်ပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့အတွက် ICNCC၊ NUCC၊ CRPH၊ NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပြင် ပူးပေါင်းထိုက်သူတွေနဲ့အတူ ပူးပေါင်းကာ မတရားအုပ်ချုပ်နေတဲ့ စစ်ကောင်စီအပါအဝင် မည်သည့်အာဏာရှင်မျိုးကိုမဆို အပြီးတိုင်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

Photo: CNO/CNDF

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013