DVB Logo
Home
နိုင်ငံတကာ
အဖြုတ်ချခံသမ္မတဟောင်း ယွန်း ရာဇဝတ်မှုစွဲချက်များဖြင့် တရားရင်ဆိုင်ရမည်
DVB
·
April 14, 2025
အဖြုတ်ချခံသမ္မတဟောင်း ယွန်း ရာဇဝတ်မှုစွဲချက်များဖြင့် တရားရင်ဆိုင်ရမည်
Donate to DVB

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးဟာ ဧပြီ ၁၄ ရက်မှာ ပထမဆုံး ရာဇဝတ်မှု တရားခွင်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

၂၀၂၄ ဒီဇင်ဘာ ၃ ရက်မှာ ယွန်းက စစ်အုပ်ချုပ်ရေး ကြေညာခဲ့လို့ အတိုက်အခံ လွှတ်တော်အမတ်တွေက ချက်ချင်းမဲခွဲဆုံးဖြတ်ပြီး အမိန့်ထုတ်ပြန်ချက်ကို ပြန်ဖျက်သိမ်းလိုက်နိုင်တာကြောင့် ၆ နာရီကြာ စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှု မအောင်မမြင် ဖြစ်သွားခဲ့တာပါ။

နိုင်ငံတော်ပုန်ကန်မှုအရ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခံရရင် သမ္မတဟောင်းဖြစ်သူဟာ ထောင်ဒဏ် တသက်တကျွန်းကနေ သေဒဏ်အထိ ကျခံရနိုင်ပါတယ်။

ဒီနှစ် ဇန်နဝါရီလ စီးနင်းမှုအတွင်း အဖမ်းခံရပြီးနောက် ယွန်းဟာ တာဝန်ထမ်းဆောင်ဆဲ သမ္မတတွေထဲမှာ ဒါမျိုး ပထမဆုံးကြုံရသူ ဖြစ်လာခဲ့ပြီး ၅၂ ရက်အကြာမှာ ပြန်လွတ်လာခဲ့ပါတယ်။

ဧပြီ ၄ ရက် အရောက်မှာတော့ အခြေခံဥပဒေခုံရုံးက ယွန်းရဲ့ သမ္မတတာဝန်ကို အလုံးစုံ ဖယ်ရှားလိုက်သလို အမျိုးသားလွှတ်တော်မှာလည်း စွပ်စွဲပြစ်တင်ခံခဲ့ရပါတယ်။

အခုလိုမျိုး သမ္မတအခွင့်အာဏာအားလုံး ဆုံးရှုံးသွားတဲ့ ယွန်းက ပုန်ကန်မှုစွဲချက်တွေကိုပါ ဥပဒေကြောင်းအရ ဖြေရှင်းရဖို့ ရှိပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ဒီခေါင်းဆောင်ဟောင်းဟာ ပြီးခဲ့တဲ့သောကြာနေ့က သမ္မတ အိမ်တော်ကနေ စွန့်ခွာပြီး ဆိုးလ်မြို့မှာရှိတဲ့ ကိုယ်ပိုင်နေအိမ်ဆီ ပြန်ရောက်လာခဲ့ပါတယ်။

အဲဒီနောက် ယွန်းဟာ အပြန်လမ်းတလျှောက်က ထောက်ခံသူတွေကို နှုတ်ဆက်ခဲ့တဲ့အပြင် ဆိုးလ်မြို့မှာ သူနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့ စုဝေးပွဲတွေပါ ရှိခဲ့ပါတယ်။

သမ္မတဟောင်းယွန်းက “အခုတော့ ကျနော်ဟာ တောင်ကိုရီးယားနိုင်ငံသား သာမန်ပြည်သူတယောက် ပြန်ဖြစ်သွားပါပြီ။ တိုင်းပြည်နဲ့လူထုအပေါ် အကျိုးပြုနိုင်မယ့် လမ်းကြောင်းအသစ်တခုကို ရှာဖွေသွားမှာပါ ”လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

လာမယ့် ဇွန်လ ၃ ရက်နေ့ တောင်ကိုရီးယားမှာ သမ္မတနေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပါတယ်။

အဲဒီအချိန်အထိ ယာယီသမ္မတ ဟန်ဒေါ့ဂ်ဆူက နိုင်ငံကို အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013