စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အောင်သာရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၃ ရက် ညနေ ၄ နာရီခွဲမှာ ကျေးရွာအတွင်းဝင်ရောက်ပြီး ပြည်သူ့နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဘုတလင်မြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဘက်ကနေ စစ်ကြောင်းထိုးလာပြီး အခုလို ရွာကို မီးရှို့သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။
ရွာသားတယောက်က “စစ်ကြောင်းစလှုပ်ပြီလို့ သတင်းရကတည်းက ကျနော်တို့ရွာသားတွေ ရွာထဲကနေ အကုန်ထွက်ပြေးရတာဗျ။ ကျနော်တို့ ရွာထဲဝင်လာလာချင်း နမခဘက်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူသလို ဝေဟင်ကနေလည်း စက်တပ်လေထီးနဲ့ ကင်းပတ်တာတွေ ပြုလုပ်ကြတာဗျ။ စစ်တပ် ရွာအတွင်းရောက်သွားပြီး ၅ နာရီ ၁၀ မိနစ်လောက်ကျတော့ ရွာထဲကနေ မီးခိုးတွေ တက်လာတယ်ဗျ။ အခုထိတော့ စစ်သားတွေက ရွာထဲကနေ မထွက်သေးလို့ ကျနော်တို့ရွာသားတွေ ရွာထဲမဝင်ရဲကြသေးဘူး” လို့ ပြောပါတယ်။
အောင်သာရွာဟာ နမခစစ်တပ်နဲ့ အနီးဆုံး ကျေးရွာတရွာဖြစ်ပြီး အိမ်ခြေ ၁၄၀ ရှိတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။
ဘုတလင် ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တယောက်က “စစ်တပ် ရွာထဲဝင်တာက ၄ နာရီကျော်ကျာ်ကစပြီး ရွာထဲဝင်တာလေ။ ၅ နာရီနဲ့ ၅ မိနစ်ကျမှ ရွာကိုမီးရှို့တာ။ ရွာကို မီးရှို့ပြီး စစ်ကြောင်းက ပြန်ဆုတ်သွားတယ်။ ကျနော်တို့ ရွာထဲဝင် ရှင်းလင်းရေးဝင်တဲ့အခါ လူနေအိမ် ၈ လုံးကို မီးရှို့သွားတာ။ မီးငြှိမ်းတာနိုင်လို့ တခြားအိမ်တွေ မီးမကူးတာဗျ။ နောက်ပြီး စစ်တပ်က နင်းမိုင်းတွေလည်း ရွာထဲမှာ ထောင်ထားခဲ့သေးတယ်။ တော်လှန်ရေးအဖွဲ့တွေက ရှင်းခင်းခဲ့ရသေးတယ်” လို့ ပြောပါတယ်။
အောင်သာရွာကို စစ်တပ်က ၂၀၂၂ ခု စက်တင်ဘာ ၁၈ ရက် ညနေပိုင်းမှာလည်း အခုလို ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်း အပါအဝင် ပြည်သူ့နေအိမ်တွေကို မီးရှို့လို့ နေအိမ် ၄၀ ကျော် မီးလောင်ခဲ့ ပါတယ်။