
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဧပြီ ၁၁ ရက် ညနေ ၃ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ ယောက် သေဆုံးကာ လူနေအိမ်တွေ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ Kalaw Revolution (KR Team) ဆီကနေ သိရပါတယ်။
ကောလင်းမြို့နယ်ထဲက လျှော်ဖြူကုန်းရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ တံတားဦး လေတပ်ကတက်လာတဲ့ ဂျက်တိုက်လေယာဉ်ကနေ ဗုံး ၂ လုံးကြဲချပြီး တိုက်ခိုက်ခဲ့တာလို့ Kalaw Revolution (KR Team) ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“လူနေအိမ်တွေပေါ်ကိုကျပြီး အမျိုးသား တယောက်နဲ့ အမျိုးသမီး ၂ ယောက်၊ ပေါင်း ၃ ယောက် ဆုံးသွားပါတယ်။ အဲဒီထဲက အမျိုးသမီး တယောက်က ကောလင်းမြို့ပေါ် ပြင်ဦးလွင်ရပ်ကွက်ကနေ သူ့ဆွေမျိုးသားချင်းတွေရှိတဲ့ အဲဒီလျှော်ဖြူကုန်းရွာကို စစ်ရှောင်လာရင်း လေကြောင်းတိုက်ခိုက်ခံရမှုထဲမှာ သေဆုံးခဲ့ရတာ။”
ဗုံးကြဲခံရတာကြောင့် လျှော်ဖြူကုန်းကျေးရွာက လူနေအိမ် အနည်းဆုံး ၂ လုံးပျက်စီးတယ်လို့ ကနဦးသိရပါတယ်။
စစ်ကောင်စီတပ်ဟာ ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးက သဲချောင်းရွာသစ်ကျေးရွာကိုလည်း ပေါင် ၅၀၀ ဗုံး ၃ လုံးကြဲချခဲ့တာမှာ ဗုံး ၂ လုံး ပေါက်ကွဲပြီး ဗုံး ၁ လုံးကတော့ မပေါက်ကွဲဘဲကျန်ရှိကာ လူနေအိမ်တချို့ထိခိုက်ပျက်စီးသွားပါတယ်။
စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံက “သူတို့ဘက်က မြေပြင်မှာ စစ်ရှုံးနေတာဆိုတော့ ကျနော်တို့ စစ်ကိုင်းတိုင်းထဲကို စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်တာက အခုနှစ်ထဲမှာ ခပ်စိတ်စိတ်လုပ်လာတာ တွေ့ရတယ်။ သူတို့ လေကြောင်း တိုက်ခိုက်ခဲ့တဲ့ နေရာတွေ အားလုံးဟာလည်း အရပ်သားတွေကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်တယ်။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ လေကြောင်းရန် ကာကွယ်ရေးအတွက် လက်နက်ကောင်းတွေ မရှိသေးဘူးဆိုတာ ကျနော် ခဏခဏပြောပါတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သင်ကြားပေးထားတဲ့ လေကြောင်းရန်ကာကွယ်ရေး နည်းစနစ်တွေကိုပဲ အတိအကျ လိုက်နာပေးကြဖို့လိုတာပါ”လို့ ပြောပါတယ်။
ဧပြီ ၁၀ ရက်ကလည်း စစ်ကောင်စီတပ်ဟာ ကောလင်းမြို့နယ်ထဲက အင်ပင်လှကျေးရွာနဲ့ စာသင်ကျောင်းတွေကို လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ အသက် ၁၃ နှစ်အရွယ် ကလေးငယ် တယောက် သေဆုံးကာ ပြည်သူ ၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။