
ရန်ကုန်မြို့မှာ ဧပြီ ၁၂ ရက် နေ့လယ်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ အနိမ့်ပိုင်းလမ်းတချို့ ရေနစ်မြုပ်တာတွေရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်အများစုမှာ မိုးရွာသွန်းခဲ့သလို၊ လျှပ်စီးလက်၊ မိုးကြိုးပစ်တာတွေ ပါ ရှိခဲ့ပါတယ်။
ရန်ကုန်မှာ ဒီနေ့မနက်ပိုင်းကတည်းက မိုးအုံ့နေခဲ့ပြီး နေ့လယ်ပိုင်းမှာ မိုးသည်းထန်စွာရွာခဲ့ကာ ရေမြောင်းတချို့ ရေစီးရေလာမကောင်းလို့ လမ်းမတွေမှာ ရေနစ်မြုပ်တာတွေ ပါရှိခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတယောက်က “အရင်ရက်တွေကလည်း ကွက်ကျားရွာတယ်။ ဒီနေ့က မိုးအားပိုကောင်းတော့ လမ်းပေါ်မှာပါ ရေတွေတင်သွားတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မိုးသည်းကာ လေပြင်းတိုက်ခတ်ခဲ့လို့ သစ်ပင်တွေလဲပြီး အိမ်အမိုးတွေ ပျက်ရတဲ့အထိ ရှိခဲ့တယ်လို့လည်း မှော်ဘီမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ မနက်ဖြန်မနက်အထိ ခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာ ဖြစ်သလို ရွာရန်ရာနှုန်းပြည့်ဖြစ်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပါတယ်။