DVB Logo
Home
မြန်မာသတင်း
မြန်မာငလျင်ဘေးအတွက် ကန်ဒေါ်လာ ၂၇၅ သန်း ကုလအဖွဲ့အစည်းများ တောင်းခံ
DVB
·
April 12, 2025
မြန်မာငလျင်ဘေးအတွက် ကန်ဒေါ်လာ ၂၇၅ သန်း ကုလအဖွဲ့အစည်းများ တောင်းခံ
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက် ငလျင်ကြီး လှုပ်ခဲ့ပြီးနောက် လိုအပ်နေတဲ့ လူဦးရေ ၁ ဒသမ ၁ သန်းကို လူသားချင်းစာနာမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေ ပေးနိုင်ဖို့ နောက်ဆက်တွဲ အရေးပေါ် အဆိုပြုလွှာကနေ အမေရိကန်ဒေါ်လာ ၂၇၅ သန်း အဆိုပြုတောင်းခံထားတယ်လို့  ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဌာနေနှင့် လူသားချင်းစာနာမှုဆိုင်ရာယာယီ ညှိနှိုင်းရေးမှူးက ဧပြီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်ဘေးမတိုင်ခင်ကတည်းက လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူပေါင်း ၁၉ ဒသမ ၉ သန်း ရှိနေပြီး အခု ထိခိုက်ပျက်စီးမှုများပြားတဲ့ အင်အားပြင်းငလျင်ကြောင့် အရေးပေါ် အကူအညီနဲ့ အကာအကွယ်လိုအပ်နေသူပေါင်း  လူပေါင်း ၂ သန်းလောက် ထပ်တိုးလာတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂအေဂျင်စီတွေ၊ အဖွဲ့ဝင်နိုင်ငံတွေ၊ အန်ဂျီအိုတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ ငလျင်ဘေးဒဏ်ခံရတဲ့ နေရာတွေကို ဆေးဝါးအကူအညီ၊ အမိုးအကာ၊ ဘေးကင်းတဲ့ရေ၊  တကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေရောက်ရှိဖို့ ဒေသခြေအစိုက် အဖွဲ့အစည်းတွေနဲ့ အတူနီးကပ်စွာ လုပ်ကိုင်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။  

ဒါပေမဲ့ အကူအညီတွေ ပိုမိုလိုအပ်နေပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စည်းလုံးညီညွတ်စွာ ကူညီထောက်ပံ့ဖို့နဲ့ အရေးပေါ်အခြေအနေမှာ အလိုအပ်ဆုံးသူတွေအတွက် အထောက်အပံ့ အကူအညီတွေ တိုးမြှင့်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်တွင်း ငလျင်ဘေးသင့်ခဲ့တဲ့ နေရာတွေကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ တွမ်ဖလက်ချာက “နဂိုကတည်းက ဘာမှမရှိပါဘူး ဆိုတဲ့သူတွေကိုမှ အထိခိုက်ဆုံး ဖြစ်ခဲ့ရတယ်။ ဒီလို အဖြစ်ဆိုးတွေ၊ ဆိုးရွားလွန်းတာတွေ ကြုံခဲ့ရတဲ့သူတွေကို ကမ္ဘာက ကူညီပံ့ပိုးပေးမှ ရမှာပါ”လို့ Al Jazeera သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

တွမ်ဖလက်ချာဟာ ငလျင်းဘေးသင့် မန္တလေးမြို့ကို သွားရောက်ခဲ့သူဖြစ်ပြီး ငလျင်ဘေးသင့် ပြည်သူတွေ ပြန်လည်ထူထောင်၊ ပြန်လည်တည်ဆောက်နိုင်ဖို့ အကူအညီတွေ အရေးတကြီး လိုနေတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။

ငလျင်ကြောင့် မြန်မာပြည်သူသိန်းပေါင်းများစွာရဲ့ ဘ၀တွေ ပျက်စီးခဲ့ရပြီး ဒီမိသားစုတွေဟာ အကူအညီမပါဘဲ ပြန်ရုန်းထနိုင်ဖို့ဆိုတာ ခက်ခဲလွန်းသလို ငလျင်ဘေးဒုက္ခသည်တွေဟာလည်း  သီတင်း ၂ ပတ်ကျော်ကြာတဲ့အထိ  ခိုလှုံစရာနေရာမဲ့၊ သန့်ရှင်းတဲ့သောက်သုံးရေမရှိ၊ ဘေးကင်း လုံခြုံမှုမရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရသလို ကူးစက်ရောဂါတွေလည်း ဖြစ်ပွားနေပါတယ်။ 

အင်အားပြင်းငလျင်ဘေးသင့်ခဲ့တဲ့  မြန်မာပြည်တွင်း မြို့နယ် ၆၀ နီးပါးမှာ  လူပေါင်း ၁၇ ဒသမ ၂  သန်းကျော် နေထိုင်ကြပြီး လူပေါင်း ၉ ဒသမ ၁ သန်းကျော်ဟာ ငလျင်ဒဏ်ကို အပြင်းအထန်ဆုံး ထိခိုက်ခံစားခဲ့ရတယ်လို့  ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ခန့်မှန်းထုတ်ပြန်ထားပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတဝန်း သေဆုံးသူ စုစုပေါင်း  ၄,၃၄၆  ယောက်၊   ဒဏ်ရာရသူ ၇,၈၃၀ ယောက်၊ ပျောက်ဆုံးနေသူ ၂၁၀ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၆၅၃ ယောက်ရှိပြီလို့   DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013