
ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ထိုင်းတော်ဝင်လေတပ်အထူးလေယာဉ်တစီး ဧပြီ ၁၂ ရက် ဒီနေ့မနက်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့တယ်လို့ ထိုင်းသံရုံးက ထုတ်ပြန်ပါတယ်။
အထူးလေယာဉ်ဟာ ထိုင်းတော်ဝင်မင်းသမီး ဆုန်စဝါလီနဲ့ ဘဂျ်ရာကီတိယာဘာ နရန်ဒီရာဒေရဝါတီတို့ ဦးဆောင်ဖွဲ့စည်းထားတဲ့ ထိုင်းနိုင်ငံကြက်ခြေနီအသင်းအောက်ရှိ “Friends in Need(of ‘Pa’)” Volunteers Foundation မှ တော်ဝင်ကူညီထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတာပါ။
ကူညီထောက်ပံ့ရေးပစ္စည်းတွေထဲမှာ အရေးပေါ်အိတ်တွေ၊ ရွက်ဖျင်တဲတွေ၊ Diaper တွေ၊ တခါသုံး လက်အိတ်တွေ ပါဝင်ပြီး မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့် နေရာအသီးသီးမှာ ရှိတဲ့ ပြည်သူတွေကို မျှဝေပေးသွားမယ်လို့ သိရပါတယ်။
အကူအညီပစ္စည်းတွေကိုတော့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းထံသို့ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်းကလည်း မြေငလျင်ဘေးခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် ဒုတိယအကြိမ်မြောက် ငွေသား ကျပ်သိန်း ၁၂,၆၇၀ ကို ဧပြီ ၇ ရက် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ထိုင်းသံရုံးက ထုတ်ပြန်ထားပါတယ်။
ထိုင်းအရေးပေါ်ကယ်ဆယ်ရေးအလှည့်ကျအဖွဲ့ ၃ ဟာလည်း မန္တလေးမြို့တော်ကို ဧပြီ ၁၂ က ရောက်လာပြီး ဒီအဖွဲ့မှာ ထိုင်းတပ်မတော်မှ အဖွဲ့ဝင်အယောက် ၅၀ နဲ့ ကျန်းမာရေးအဖွဲ့မှ ဆရာဝန် ၃၂ ယောက် ပါဝင်ပြီး ဧပြီ ၁၈ ရက်အထိ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။
ထိုင်းအရေးပေါ်ကယ်ဆယ်ရေးအလှည့်ကျအဖွဲ့ ၂ ကတော့ မန္တလေးမြို့မှာ ဧပြီ ၅ ရက်မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ဧပြီ ၁၂ ရက်မှာ တာဝန်ပြီးဆုံးလို့ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။