DVB Logo
Home
မြန်မာသတင်း
ခင်ဦးနှင့် ရွှေဘိုက ရေဘေးသင့်ပြည်သူများ အကူအညီလိုအပ်နေ
DVB
·
September 1, 2026
Photo: CJ
Photo: CJ
Donate to DVB

ခင်ဦးနဲ့ ရွှေဘိုမြို့နယ်က ရေဘေးသင့်ဒေသမှာရှိတဲ့ ပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး မိုးဆက်တိုက် ရွာသွန်းခဲ့တဲ့အတွက် သဖန်းဆိပ်ဆည် ရေပိုလွှဲကနေ ရေအမြောက်အမြား လွှတ်ချခဲ့တာကြောင့် မူးမြစ်မှာ ရေကြီးရေလျှံခဲ့ပြီး ရွှေဘိုခရိုင်အတွင်းက မြို့နယ်နဲ့ ကျေးရွာအများအပြား ရေဘေးသင့်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာတော့ မြို့နယ်အချို့နဲ့ ကျေးရွာတွေမှာ ရေပြန်ကျသွားပေမဲ့ ခင်ဦးမြို့နယ်အတွင်းက ကျွန်းတောကြီးနဲ့ ကျွန်းတောလေး ကျေးရွာတွေမှာ ရေလုံးဝ မကျသေးဘဲ သီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်နေဆဲဖြစ်တဲ့အတွက် ဒေသခံတောင်သူတွေ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။

ကျေးရွာအတွင်း ရေတင်နေဆဲဖြစ်သလို လယ်ဧက ၅၀ နဲ့ ယာဧက ၁၀၀ လောက် ရေနစ်မြုပ်နေတဲ့အတွက် အိမ်ထောင်စု ၂၀၀ က လူဦးရေ ၁,၅၀၀ လောက် စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်မလုပ်နိုင်ကြသေးဘူးလို့ ခင်ဦးဒေသခံတယောက်က ပြောပါတယ်။

“ရေကလည်း အခုထိ မကျသေးဘူး။ ဒုက္ခတွေလည်း အတော်ကို ရောက်နေတယ်။ အကူအညီကလည်း မလာဘူး။ အခုချိန်ထိ လယ်တွေ၊ ယာတွေက ရေပြင်ကြီး ဖြစ်နေတာ။ လယ်က ဧက ၅၀ ကျော်တယ်၊ ယာတွေက ၁၀၀ လောက်ရှိမှာ။ ဒီနှစ်တော့ ဘယ်လိုမှ ပြန်စိုက်နိုင်မှာ မဟုတ်ဘူး။ ရေနစ်နေတော့ ဘာအလုပ်အကိုင်မှ မရှိဘူး။ အကူအညီကလည်း မလာနိုင်လို့ တော်တော်ကို ဒုက္ခရောက်နေတယ်။”

ခင်ဦးမြို့နယ်က ရေဘေးသင့်ခဲ့တဲ့ ကျေးရွာပေါင်း ၂၀ ကျော်ထဲမှာ ကျွန်းတောကြီးနဲ့ ကျွန်းတောလေး ကျေးရွာတွေက အဆိုးဝါးဆုံး ခံစားနေရပြီး လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေတဲ့အတွက် ကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်း မလာရောက်နိုင်ဘဲ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီအပြင် ရွှေဘိုမြို့နယ် အနောက်မြောက်ခြမ်းက ကျေးရွာတချို့မှာလည်း လယ်ယာသုံး စက်ပစ္စည်းတွေ ရေနစ်မြုပ်ဆုံးရှုံးခဲ့သလို၊ စပါးပျိုးခင်းတွေနဲ့ သီးနှံမျိုးစေ့တွေ ရေထဲ မျောပါသွားတဲ့အတွက် ပြန်လည်စိုက်ပျိုးဖို့ စိုက်ပျိုးစရိတ်နဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။

ရွှေဘိုတောင်သူတယောက်က “လယ်တွေကတော့ အကုန်နစ်တာ၊ ပျိုးခင်းတွေလည်း နစ်တယ်။ ငရုတ်၊ ခရမ်းနဲ့ အခြားသီးနှံ ပျိုးထုပ်တွေကတော့ အကုန်မျောသွားတယ်။ စပါးပျိုးခင်းတွေ အပျက်များတယ်။ ပျိုးထောင်ချိန်က နောက်ကျနေလို့ ကြဲစာပဲ ကြဲရမှာ။ နဂိုကတော့ ကိုယ့်ဟာနဲ့ကိုယ် အကိုက်လုပ်ထားတာ၊ ရုတ်တရက် ရေကြီးလာတော့ စပါးတွေရော၊ မျိုးစေ့ထုပ်တွေပါ မျောသွားတယ်။ စိုက်ပျိုးစရိတ်ကလည်း မလုံလောက်ဘူး။ အလုပ်သမားတွေကျတော့လည်း အလုပ်မလုပ်ရဘူး။ ဒါပေမဲ့ လယ်ခင်း ယာခင်းတွေကို ဒီအတိုင်း ပစ်ထားလို့မရတော့ နီးစပ်ရာတွေဆီက ချေးငှားရှာကြံပြီး စိုက်ရမှာပါ” လို့ ပြောပါတယ်။

မူးမြစ်ကမ်းဘေးက ကျေးရွာတွေဟာ ဩဂုတ်လအစောပိုင်းကတည်းက ရေဘေးဒဏ်ကို အပြင်းအထန် ကြုံတွေ့နေရပေမဲ့ အကူအညီတွေ မရောက်ရှိစေဖို့ စစ်အာဏာရှင်တပ်က နည်းမျိုးစုံနဲ့ ပိတ်ဆို့ထားပြီး သွားလာတဲ့ ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေကိုလည်း တင်းကျပ်စွာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုခရိုင်ထဲက ဝက်လက်၊ ဒီပဲယင်း၊ ရွှေဘို၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦး စတဲ့ မြို့နယ် ၆ မြို့နယ်မှာရှိတဲ့ ရွာ ၂၀၀ နီးပါး ရေဘေးသင့်ခဲ့တာဖြစ်ပြီး ဩဂုတ်လလယ်ကစတင်ကာ မြို့နယ်တွေအလိုက် ရေတဖြည်းဖြည်းပြန်ကျသွားပေမဲ့ ပြန်လည်ထူထောင်ရေးအကူအညီတွေ လိုအပ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013