
မြန်မာနိုင်ငံတွင်းမှာ ကြက်ဥ အပါအဝင် အခြေခံစားသောက်ကုန်တွေ တနေ့ထက်တနေ့ ဈေးနှုန်းမြင့်တက်နေတဲ့အတွက် ပုံမှန်ဝင်ငွေရှိတဲ့ မိသားစုက အိမ်ထောင်ရှင်မတွေတောင် စားသောက်စရိတ်ကို မဖြစ်မနေ လျှော့ချ ဝယ်ယူနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်အာဏာရှင်အစိုးရရဲ့ သွင်းကုန်ကန့်သတ်ချက်တွေကြောင့် ရန်ကုန်မြို့မှာ ကြက်ဥတလုံးကို မြန်မာကျပ်ငွေ ၇၀၀ အထိ အဆမတန် ဈေးနှုန်းမြင့်တက်သွားသလို ဟင်းသီးဟင်းရွက်၊ သားငါးကအစ ဆန်၊ ဆီ အဆုံး အခြေခံစားသောက်ကုန်ဈေးတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ခံ အိမ်ရှင်မတယောက်က “ကြက်ဥတလုံး ၇၀၀ ဖြစ်နေပြီ။ ကိုယ်တောင် ခါတိုင်းဆို ၁၀ လုံးကတ် ကောက်ထည့်တာ၊ အခု ၅ လုံး၊ ၆ လုံးပဲ ဝယ်ရတော့တယ်။ တွက်ကြည့်လေ ကြက်ဥ ၁၀ လုံးတင် ကျပ် ၇,၀၀၀ ဖြစ်နေပြီ။ ကျန်တဲ့ဟာက ဝယ်ရဦးမယ်။ တော်တော်အခြေအနေဆိုးတယ်။ ကြက်ဥကတော့ ဈေးကြီးတာ မဖြစ်သင့်ဘူး။ ကျန်တဲ့ဟာ ဈေးကြီးရင် မစားဘဲ နေလို့ရသေးတယ်။ ကြက်ဥကြီး ဈေးကြီးတာကတော့ လူတွေ တော်တော်ဒုက္ခရောက်မယ်”လို့ ပြောပါတယ်။
ကြက်ဥဟာ လူ့ခန္ဓာကိုယ်အတွက် အကောင်းမွန်ဆုံး ပရိုတိန်းဓာတ် ဖြည့်ဆည်းပေးနိုင်တဲ့ အခြေခံ အစားအစာတမျိုး ဖြစ်ပါတယ်။
အသား၊ ငါး မစားနိုင်သူတွေအနေနဲ့ ပရိုတိန်းဓာတ် ကြွယ်ဝအောင် လူတယောက်ကို တနေ့ ကြက်ဥ ၃ လုံးအထိ စားဖို့ကိုလည်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံက အခြေခံလူတန်းစားတွေကတော့ လုပ်ခလစာ နည်းပါးတဲ့အပြင် ကြက်ဥဈေးတွေပါ တက်လာတာကြောင့် တနေ့ ကြက်ဥတလုံးစားဖို့တောင် မလွယ်ဘဲ ခက်ခဲနေပါပြီ။
ကုန်ဈေးနှုန်းတွေ ကြီးမြင့်ချိန်မှာ အခြေခံလူတန်းစား အများစုဟာ အာဟာရအရင်းမြစ်အတွက် အသား ငါးကို လုံလုံလောက်လာက် မစားနိုင်ဘဲ ကြက်ဥနဲ့ ဟင်းသီးဟင်းရွက်တွေကို အမှီပြုနေရတာပါ။
စစ်အုပ်စုရဲ့ သွင်းကုန်ကန့်သတ်ချက်တွေကြောင့် မွေးမြူရေး သွင်းအားစုနဲ့ အစာကုန်ကြမ်းတွေ ရှားပါးလာပြီး ကြက်သားနဲ့ ကြက်ဥ ထုတ်လုပ်မှုနှုန်း ထက်ဝက်နီးပါး လျော့ကျပြီး ရန်ကုန်မြို့က ရပ်ကွက်ဈေးတချို့နဲ့ ဆိုင်တချို့မှာ ကြက်ဥ အရောင်းပြတ်လပ်နေတယ်လို့လည်း သိရပါတယ်။
အခုလို ပုံမှန်ဝင်ငွေရှိတဲ့ မိသားစုတွေတောင် ကြက်ဥဈေးမြင့်တက်လို့ ခက်ခဲနေချိန်မှာ ပုံမှန်ဝင်ငွေနည်းပါးတဲ့ စက်ရုံအလုပ်သမားတွေအတွက် မိသားစုတစုစာ စားသောက်စရိတ်မှာ လက်ရှိဝင်ငွေနဲ့ ဘာမှမဆိုင်အောင် ကွာဟလို့နေပါတယ်။
မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ လက်ရှိ လုပ်ခလစာရရှိမှုဟာ တလဝင်ငွေ ကျပ် ၂ သိန်းကနေ ၃ သိန်းအတွင်း ရရှိသူ အများဆုံးဖြစ်ပြီး တနေ့လုပ်ခနဲ့တွက်ရင် ကျပ် ၆,၈၀၀ ကျပ်ရှိသူက အများဆုံးဖြစ်ပါတယ်။
ဒီလို ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ပေးဖို့ စက်ရုံ အလုပ်ရုံတွေမှာ ဆန္ဒပြတောင်းဆိုမှုတွေလည်း ဆက်တိုက် ဖြစ်ပေါ်နေတာပါ။
စက်ရုံအလုပ်သမားတယောက်က “အရင်ကဆိုရင် အဆောင်မှာ ဝန်ထမ်းတွေက မိသားစုနဲ့ နေတာလည်း ရှိတယ်၊ တယောက်ချင်းစီ နေတာလည်း ရှိတယ်။ အရင်တုန်းကဆိုရင် အဆောင်တွေက လေးငါးခြောက်သောင်းနဲ့ နေလို့ရတယ်။ အခုဆိုရင် အဆောင်တွေက အနိမ့်ဆုံးတောင်မှ တသိန်းပေါ့နော်၊ ရေချိုးခန်း အိမ်သာ အပါဆိုရင် ၂ သိန်းခွဲလောက်ကို ဖြစ်သွားတာပေါ့။ ပြီးတော့ ကုန်ဈေးနှုန်းတွေကလည်း အဆမတန်တွေ မြင့်တက်လာတဲ့အပေါ်မှာ သူတို့ရဲ့ လုပ်အားခတွေ မဖူလုံတော့ဘူး၊ မလောက်ငတော့ဘူး။ မလောက်ငတဲ့အတွက် ဒီလို တောင်းဆိုမှုတွေ ရှိလာတယ်။ ဒီလိုတောင်းဆိုမှုတွေ ရှိလာတဲ့အချိန်မှာ ဦးဆောင်ပြီး တောင်းဆိုတဲ့ ဝန်ထမ်းတွေကို တဖြည်းဖြည်းချင်းစီ အလုပ်ဖြုတ်ပစ်တာ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အနည်းဆုံးအခကြေးငွေကို ၂၀၁၈ ခုနှစ်က အလုပ်ချိန် ၈ နာရီအတွက် တနေ့လုပ်ခ ၄,၈၀၀ ကျပ်နဲ့ ၂ နှစ်ကို တကြိမ် ပြင်ဆင်မယ်လို့ သတ်မှတ်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ ပြင်ဆင်သတ်မှတ်ခြင်း မရှိတော့ဘဲ ၂၀၂၃ ခုနှစ် အောက်တိုဘာလက ထောက်ပံ့ကြေး ၁,၀၀၀ ကျပ်၊ ၂၀၂၄ သြဂုတ်လမှာ ထောက်ပံ့ကြေး ၁,၀၀၀၊ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ နောက်ထပ် ထောက်ပံ့ကြေး ၁,၀၀၀ သတ်မှတ်ပေးခဲ့တာကြောင့် အနိမ့်ဆုံး တနေ့လုပ်ခလစာဟာ ၇,၈၀၀ ဖြစ်သွားခဲ့ပါတယ်။
ဒါဟာ လက်ရှိ ကြက်ဥတလုံး ၇၀၀၊ ၅ လုံး ၃,၅၀၀ ကျပ် ဖြစ်ချိန်မှာ တနေ့လုပ်ခ ၇,၈၀၀ ကျပ်သာ ရရှိတဲ့ အလုပ်သမားတွေရဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
မြတ်သဇင်











