ငလျင်ဘေးသင့် မြန်မာပြည်သူတွေနဲ့ နွေဦးတော်လှန်ရေးအတွက် ကူညီပံ့ပိုးပေးမယ့် ရန်ပုံငွေရှာ ပွဲတော်ကို ဂျပန်နိုင်ငံ၊ တိုကျိမြို့၊ အိုဒိုင်ဘအရပ်မှာ ဂျပန်ရောက် မြန်မာအသိုက်အဝန်းက ဧပြီ ၁၂ ရက် ဒီကနေ့ ကျင်းပပါတယ်။
ငလျင်ဒဏ်ကြောင့် သေဆုံးသွားကြသူတွေနဲ့ ခေတ်အဆက်ဆက် မြန်မာနိုင်ငံ ဒီမိုကရေစီ တော်လှန်ရေးမှာ အသက်ပေးသွားသူအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကိုလည်း ထည့်သွင်း ကျင်းပပါတယ်။
ပွဲတော်ကျင်းပရေး ကော်မတီဝင် ကိုသန့်ဇော်ထက်က “ကျနော်တို့အစက ပုံစံတမျိုး စီစဉ်ထားပေမဲ့ လက်ရှိ မြန်မာနိုင်ငံက အခြေအနေတွေကြောင့် ‘ရုန်းထအတူကျော်၊ ဖေးမကူဖော်၊ မြန်မာတို့ရဲ့ ညှိုးငယ်သင်္ကြန်ပွဲတော်’ အဖြစ် ဘာသာပေါင်းစုံ ဆုတောင်းပွဲနဲ့ ရန်ပုံငွေဈေးရောင်းပွဲတော်အနေနဲ့ အစီအစဉ်တွေ ပြောင်းပြီးကျင်းပတာ” လို့ ပြောပါတယ်။
ရန်ပုံငွေပွဲတော်က ရရှိတဲ့ အကျိုးအမြတ်အားလုံးကို ငလျင်ဒဏ်ခံပြည်သူတွေနဲ့ နွေဦးတော်တော်လှန်ရေးအတွက်အားလုံး ပေးပို့လှူဒါန်းမယ်လို့ ကိုသန့်ဇော်ထက်က ပြောပါတယ်။
တိုကျိုမြို့နေ ကိုသူက “ကျနော်တို့ဆိုင်ကတော့ ပွဲတော်ဖြစ်မြောက်ရေးအတွက် ယန်း ၁ သန်း လှူဒါန်းခဲ့ပြီး လက်ရှိ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို ကူညီခွင့်ရလို့ ဝမ်းသာပီတိဖြစ်ရပါတယ်”လို့ ပြောပါတယ်။
ဘာသာပေါင်းစုံဆုတောင်းပွဲကို ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးစောဘလှသိန်း တက်ရောက်ခဲ့ပါတယ်။
ပွဲတော်ကို ဧပြီ ၁၂ ရက်နဲ့ ၁၃ ရက် ၂ ရက်ကြာကျင်းပမှာဖြစ်ပြီး မြန်မာပြည်အလွမ်းပြေ အစားအစာတွေ ရောင်းချတဲ့ ဆိုင်ခန်းပေါင်း ၃၀ ကျော်နဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေ၊ ဓာတ်ပုံပြခန်း၊ မြန်မာ့သနပ်ခါးမိတ်ဆက် စတာတွေ အစုံအလင်ပါဝင်တာကိုလည်း တွေ့ရပါတယ်။