
ငလျင်ဒဏ်သင့် အင်းလေးဒေသမှာ လူနေအိမ်တွေ အများအပြား ပျက်စီးခဲ့ပြီး သီတင်း ၂ ပတ်ကြာအထိ အာဏာသိမ်း စစ်ကောင်စီရဲ့ အထောက်အပံ့မရရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ် အင်းလေးကန်မှာရှိတဲ့ ကေလာရွာမှာ လူ ၃၁ ယောက် သေဆုံးပြီး အိမ် ၄၃၅ လုံး ပျက်စီးခဲ့တယ်လို့ ရွာလူကြီးဆီက သိရပါတယ်။
ကေလာရွာဟာ နိုင်ငံခြားသားတွေ လည်ပတ်မှုများတဲ့ နေရာအဖြစ် နာမည်ကြီးပြီး အဲဒီဒေသမှာရှိတဲ့ အိမ်တွေဟာ ငလျင်ဒဏ်ကြောင့် ပျက်စီးနေပုံတွေကို ငလျင်အပြီး ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ကေလာရွာမှာ ဒေသခံ ၄၀၀၀ နေထိုင်ပြီး နေအိမ်တွေ ပျက်စီးမှုကြောင့် ခိုလှုံရာနေရာ တိတိကျကျ မရှိဘဲ တာဝန်ရှိသူတွေရဲ့ အထောက်အပံ့ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
အသက် ၄၅ နှစ်အရွယ် ဒေသခံ အမျိုးသမီးက “ကျမတို့ဆီကို ဘာအကူအညီမှ မလာပါဘူး။ ကျမတို့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတာကြောင့် စိတ်ပျက်မိပါတယ်။ အိမ်တွေ ပျက်သွားလို့ တနေကုန် နေပူထဲမှာပဲ နေရပါတယ်။ ဘာအကူအညီမှလည်း မရှိပါဘူး” လို့ ပြောပါတယ်။
ကေလာရွာကို ကူညီဖို့ တယောက်ချင်း အလှူရှင်တွေနဲ့ လုပ်အားပေးအဖွဲ့တွေလည်း ဒီဒေသကို ဝင်ရောက်ခွင့်ရဖို့ အခက်အခဲတွေရှိနေပါတယ်။
မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်စတဲ့မြို့အပါအဝင် အင်းလေးဒေသမှာလည်း ကေလာရွာ၊ ဟဲယာရွာမ၊ သလဲဦးအင်း၊ နန်းပန်တို့မှာ လူတွေရာနဲ့ချီ သေဆုံးပြီး ပြည်သူတွေရဲ့ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။