
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့က ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ်တယောက် လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မိသားစုနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်းက ဧပြီ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “သူက ဆားလင်းကြီးမြို့မရဲစခန်းမှာ နယ်ထိန်းတာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်ကြပ်တယောက် ဖြစ်တယ်။ သူ့မိသားစုကိုခေါ်ပြီး ကျနော်တို့ဆီမှာ ခိုလှုံဖို့ ဆက်သွယ်လာတာကြောင့် သွားရောက်ခေါ်ဆောင်ခဲ့ရတာ” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာသူဟာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် နယ်ထိန်းတာဝန် ထမ်းဆောင်နေရသူ ဒုတပ်ကြပ် ရဲလင်း (လ/၂၅၅၀၀၀) ဖြစ်ပြီး ဇနီးနဲ့ သမီးဖြစ်သူတို့ကို ခေါ်ဆောင်ကာ G3 သေနတ် ၁ လက်နဲ့ ကျည် ၅ တောင့်တို့ယူဆောင်ပြီး ဧပြီ ၉ ရက်မှာ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။
ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်း တာဝန်ခံ ကိုကျော်ကြီးက “ရဲလုပ်ငန်းစဥ်တွေကို စစ်တပ်ဘက်က ဝင်ရောက်စွက်ဖက်တာတွေ၊ သူတို့လူကြီးဆိုတဲ့သူတွေရဲ့ အထက်ဖားအောက်ဖိ လုပ်တာတွေနဲ့ ဝန်ထမ်းမိသားစုဝင်တွေအပေါ်မှာလည်း ချုပ်ချယ် ကန့်သတ်တာတွေ လုပ်လာတာကို မကျေနပ်တော့လို့ ကျနော်တို့ဆီကို ခိုလှုံဖို့ ဆက်သွယ်လာခဲ့တာ။ အခုသူ့ကို ဆုငွေသိန်း ၈၀ ချီးမြှင့်ပေးပြီး မိသားစုနဲ့အတူ လုံခြုံတဲ့နေရာကို ပို့ပေးထားလိုက်ပါပြီ” လို့ DVB ကို ပြောပါတယ်။
ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်းဆီကို ခိုလှုံအလင်းရောက်လာသူတွေအားလုံးကိုလည်း နွေးနွေးထွေးထွေး ကြိုဆိုပါတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်အောက်မှာ တာဝန်ထမ်းဆောင်နေကြသူတွေအနေနဲ့လည်း မိမိနဲ့ မိသားစုဝင်တွေရဲ့ အနာဂတ်ဘဝကို ရှေးရှုပြီး နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံး ချိတ်ဆက်အလင်းဝင်ရောက်ကြဖို့ စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။










