DVB Logo
Home
မြန်မာသတင်း
မြင်းခြံ-တောင်သာလမ်းပိုင်းကို ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ၅ ရက်ကြာ ထိုးစစ်ဆင်
DVB
·
April 11, 2025
မြင်းခြံ-တောင်သာလမ်းပိုင်းကို ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ၅ ရက်ကြာ ထိုးစစ်ဆင်
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းကို ထိန်းချုပ်ဖို့ စစ်ကောင်စီ တပ်မ ၉၉ က ၅ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက လမ်းပိုင်းကို ဆက်ထိန်းထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြင်းခြံမြို့အဝင်မှာရှိတဲ့ နန်းမြင့်တောင်အနီး မြင်းခြံ-တောင်သာလမ်းပိုင်းကို ထိန်းချုပ်ဖို့ မြင်းခြံမြို့မှာ တပ်စွဲထားတဲ့ တပ်မ ၉၉ က မတ် ၂၄ ရက်ကနေ ၂၈ ရက်အထိ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။

လမ်းတလျှောက်မှာရှိနေတဲ့ PDF တွေက ပူးပေါင်းခုခံခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များခဲ့ပြီး လမ်းပိုင်းကို ဆက်ထိန်းထားနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၇ တာဝန်ရှိသူ ဗိုလ်ဇီးရိုးက ပြောပါတယ်။ လက်ရှိအချိန်အထိ နယ်မြေတည်ငြိမ်မှု မရှိသေးတာကြောင့် အချိန်ခွာပြီးမှ သတင်းထုတ်ပြန်တာလို့ သူက ရှင်းလင်းပါတယ်။

 ဗိုလ်ဇီးရိုးက “မြင်းခြံ-တောင်သာလမ်းပိုင်းမှာ နန်းမြင့်တောင်နဲ့ နီးတာပေါ့၊ အဲဒီလမ်းပိုင်းကို စိုးမိုးဖို့ သူတို့ အဓိက ကြိုးစားကြတာပေါ့။ ဒီလမ်းကြီးကို မပေးရဖို့အရေး တောက်လျှောက် ၅ ရက်ဆက်တိုက် မရပ်မနား ကာခဲ့တယ်ပေ့ါ။ ၅ ရက်တာ တိုက်ပွဲအတွင်းမှာ မျက်မြင်ရော ခန့်မှန်းရော စစ်သား ၃၀ ကျော်ကို ကျနော်တို့ ရှင်းထုတ်လိုက်နိုင်တယ်။ ဒီတိုက်ပွဲက ပျူမပါဘူးဗျ၊ ပြည်သူ့စစ်မပါဘူး၊ တပ်မ ၉၉ က မြင်းခြံမှာရှိတဲ့ ဗျူဟာမှူးကိုယ်တိုင် ဦးစီးပြီးတော့ တိုက်တဲ့ပွဲလို့ ပြောလို့ရတယ်။ စစ်ဦးတော့ကျတော့ ကျနော်တို့ဘက်က အသာစီးနဲ့ ပစ်ခတ်နိုင်ခဲ့တယ်။ စနိုက်ဘာနဲ့က တနေ့တည်းတင် ၄ ကောင်ရတဲ့နေ့လည်းရှိတယ်”လို့ ပြောပါတယ်။

၅ ရက်ကြာ တိုက်ပွဲမှာ နယ်မြေခံပကဖ ဗိုလ်စွန်ရဲတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၁၊ ၂၊ ၃၊ ၇၊ ၉ နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ အားလုံး ပူးပေါင်းခုခံခဲ့ရတာဖြစ်ပြီး မြင်းခြံမြို့ကို PDF တွေ ထိုးစစ်မဆင်ခင်မှာ စစ်ကောင်စီက စစ်ရေးအရ လက်ဦးမှုယူပြီး မြင်းခြံ-တောင်သာလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာပါ။

မတ် ၂၈ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက်မှာ စစ်ကောင်စီဟာ မြေပြင် စစ်ရေးဖော်ဆောင်ဖို့ အားနည်းချက်တွေ ရှိခဲ့တဲ့အတွက် အခြေအနေကို ထိန်းနိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ ကိုမိုးထက်နေက “အခုဟာကတော့ဗျာ စစ်တပ်အနေနဲ့ အကန့်အသတ်တွေ အများကြီး အကြီးကြီး ဖြစ်သွားတာပေါ့ဗျာ။ ဧရာဝတီမြစ်ကိုကူးဖို့ ခက်ခဲသွားတာတွေ ရှိတယ်ပေါ့ဗျာ။ စစ်ကိုင်းနဲ့ မန္တလေးဆိုရင် တော်တော်ကို ခက်ခက်ခဲခဲပေါ့။ အရင်က တံတားပေါ်ကနေ သွားလို့ရတဲ့အခြေအနေက အခုဟာက တံတားအသစ်ကလည်း စိတ်မချရသေးဘူးဆိုတဲ့ အကန့်အသတ်တွေ များတယ်။ လမ်းမကြီးတွေကလည်း မြေကျွံသွားလို့ ပျက်စီးသွားတာမျိုးတွေ ရှိတယ်ပေါ့ဗျာ။ အခြေခံအဆောက်အအုံတွေ ပျက်သွားတယ်ပေ့ါ။ စစ်တိုက်ဖို့တို့ ဘာတို့ ဆိုတာကတော့ အကန့်အသတ်တွေ ရှိမှာပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ်ပေ့ါဗျာ ဒီအချိန်မှာ စစ်တပ်အနေနဲ့က စစ်တိုက်ဖို့ဆိုတဲ့ စဉ်းစားချက်မျိုး စဉ်းစားနေတာကိုက သူတို့ရဲ့ လူသားမဆန်မှုကို ဖော်ပြတာ ဖြစ်တယ်ပေါ့” လို့ ပြောပါတယ်။

မတ် ၂၈ ရက် အင်အားပြင်းငလျင် လှုပ်ခတ်မှုအပြီးမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂ ပတ်ကြာ အပစ်ရပ်စဲထားဖို့ ကြေညာချက် ထုတ်ခဲ့သလို စစ်ကောင်စီကလည်း ဧပြီ ၂ ရက်နေ့မှာ အလားတူ ကြေညာချက် ထုတ်ခဲ့တာပါ။

လက်တွေ့မှာတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။

မတ် ၂၈ ရက်ကနေ ဧပြီ ၁၀ ရက်အထိ ၁၄ ရက်အတွင်း နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၅၂ ကြိမ်အထိ ပြုလုပ်ခဲ့တာကြောင့် ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁၃ ယောက် သေဆုံးခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013