
ရခိုင်ပြည်နယ်က အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်အာဏာရှင် တပ်က စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့ AA ရဲ့ တန်ပြန်ထိုးစစ် တွေနဲ့အတူ အရာရှိတွေ သေဆုံးပြီး စစ်ဦးကျိုးတပ်လန်ကျသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၄ ရက်နေ့ကစပြီး AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ ကွမ်းတောင်ကျေးရွာကို စစ်ကြောင်း ၁ ကြောင်း၊ ဝါဘိုကျေးရွာကို စစ်ကြောင်း ၁ ကြောင်း၊ မင်းလှနဲ့မြစ်နားကျေးရွာဘက်ကို စစ်ကြောင်း ၁ ကြောင်း၊ ရဲရိုးပြင်နဲ့ ခမောင်းတောကို စစ်ကြောင်း ၁ ကြောင်း၊ အောင်မြေကုန်းနဲ့ အောင်ဇေယျကျေးရွာဘက်ကို စစ်ကြောင်း ၁ ကြောင်း အသီးသီး ထိုးစစ်ဆင်လာတာဖြစ်ပြီး စစ်ကြောင်းတကြောင်းမှာ အင်အား ၁၇၀ နဲ့ ၂၀၀ ကြား ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်တွေကို AA ဘက်ကလည်း အင်အားအလုံးအရင်းနဲ့ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က တပ်ရင်းမှူးအဆင့်ရှိ စစ်ကြောင်းမှူး ၂ ယောက် အပါဝင် တခြားအရာရှိတချို့နဲ့ အင်အား ၁၀၀ ကျော်သေဆုံးပြီး၊ ဒဏ်ရာရရှိသူလည်း ရာနဲ့ချီရှိတယ် လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်တွေက ပုဏ္ဏားကျွန်းထိုးစစ်ကို အင်အားထောင်ချီသုံးပြီးတော့ စစ်ကြောင်း ၅ ကြောင်း သုံးပြီး ထိုးစစ်ဆင်တာ။ ပထမ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူပေးတယ်။ အောက်က မြေပြင်ထိုးစစ် ဆင်တယ်။ ဒါပေမဲ့ AA ဘက်ကလည်း အကောင်းဆုံး တည်ဆောက်ထားတာကြောင့် ခံစစ်ထက် တန်ပြန်တိုးစစ်နဲ့ပြန်ထိုးစစ်ဆင်တာ။ စစ်တပ်ဘက်က တပ်ရင်းမှူးအဆင့် စစ်ကြောင်းမှူး ၂ ဦးနဲ့ အခြားအရာရှိအဆင့် စစ်ကြောင်းမှူးတွေ သေဆုံးခဲ့တာရှိတယ်။ ခန့်မှန်းအလောင်း ၁၀၀ ကျော် လောက် သေဆုံးမှုရှိနိုင်တယ်။ ဒဏ်ရာရရှိသွားတာလည်း ရာနဲ့ချီရှိတယ်။ လက်နက်ခဲယမ်းတွေ လည်း သိမ်းဆည်ရမိထားပြီး စစ်တပ်ရဲ့ထိုးစစ်တွေကို အကောင်းဆုံး ဟန့်တားထားနိုင်တယ်။”
စစ်အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၄ ရက်ကနေ ၇ ရက်အထိ စစ်တွေမြို့နယ် ဝါဘို၊ မြစ်နား၊ မင်းလှကျေးရွာကို စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အဲဒီထိုးစစ်မှာ တပ်ရင်းမှူး အဆင့်ရှိ စစ်ကြောင်းမှူးတယောက် သေဆုံးခဲ့သလို မင်းချောင်းတံတားကနေ ကွမ်းတောင် ကျေးရွာ ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှာလည်း တပ်ရင်းမှူးအဆင့်ရှိ စစ်ကြောင်းမှူး တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၄ ရက်ကနေ ၈ ရက်နေ့အထိ အောင်မြေကုန်း၊ ခမောင်းတော၊ ရဲရိုးပြင်နဲ့ အောင်ဇေယျကျေးရွာဘက်ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်တွေဘက်ကနေ ပုဏ္ဏားကျွန်းထိုးစစ်ကို အာဏာသိမ်းစစ်တပ်က တပ်မ ၁၀၁ နဲ့ တပ်မ ၂၂ လက်အောက်ခံတပ်တွေ၊ စစ်တွေအခြေစိုက် တပ်ရင်းတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး သေဆုံးသွားတဲ့ အရာရှိစစ်သားတွေရဲ့ အလောင်းတွေကို စစ်တွေမြို့ အာကျိတ်တော်ကုန်း သင်္ချိုင်းမှာ မီးသင်္ဂြိုလ်တာတွေရှိနေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိလည်း စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်မှာ AA နဲ့ စစ်အာဏာရှင်တပ်တို့ ထိတွေ့ တိုက်ပွဲတွေဖြစ်နေပြီး စစ်အာဏာရှင်တပ်က စစ်တွေမြို့အခြေစိုက် ဒကစဌာနချုပ်၊ ရွှေမင်းဂံရေတပ် နဲ့ ကျေးတောရွာဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ် တွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဩဂုတ်လ ဒုတိယအပတ်မှာ စစ်တွေမြို့ကို အင်အားထောင်ချီ ဖြည့်တင်းပြီးနောက် စက်တင်ဘာ ၄ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ထိုးစစ်ဆင် တိုက်ခိုက်လာတာပါ။
ဒါ့အပြင် ကျောက်ဖြူမြို့နယ်ဘက်မှာလည်း စစ်အာဏာရှင်တပ်က ထိုးစစ်ဆင် တိုက်ခိုက် နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်တွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် စစ်တွေ၊ ကျောက်ဖြူနဲ့ ဧရာဝတီ၊ ပဲခူး၊ မကွေးနဲ့ချင်းပြည်နယ်ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ ကြိုးပမ်းလာနေတာလည်းဖြစ်ပါတယ်။











