
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ အမှတ် ၂ ရဲစခန်းက ဒုရဲအုပ် တယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်းက ဧပြီ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “မုံရွာမြို့ပေါ်က အမှတ် ၂ ရဲစခန်းမှာ တာဝန်ကျနေတဲ့ ဒုရဲအုပ် အေးသန်းထွန်းက ရရာလက်နက်တွေ ယူပြီးတော့ အလင်းဝင်ရောက်လာခဲ့တာ” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာတဲ့ ဒုရဲအုပ် အေးသန်းထွန်း (လ/၂၁၀၉၀၅) ဟာ G3 သေနတ် ၁ လက်၊ 7.62 ကျည် ၄၉ တောင့်နဲ့ ကျည်ဘောက် ၂ ခုတို့ ယူဆောင်ပြီး မတ် ၃၁ ရက်က မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်းဆီကို ခိုလှုံ အလင်းဝင်ရောက်လာခဲ့တာပါ။
သူ့ဆီက လက်နက်ခဲယမ်းတွေကို တော်လှန်ရေးမှာ အကျိုးရှိရှိ ပြန်လည်အသုံးပြုသွားမှာ ဖြစ်ပါတယ်လို့ မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်းရဲ့ တပ်ရေးဗိုလ် ဇော်ဝင်းမောင်က ပြောပါတယ်။
အလင်းဝင်ရောက်လာတဲ့ ဒုရဲအုပ် အေးသန်းထွန်းကို သူ့ရဲ့မိသားစုတွေရှိတဲ့နေရာကို ပြန်လည်ပို့ဆောင်ပေးထားတယ်လို့လည်း ဆိုပါတယ်။
မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်းမှူး သံမဏိက “အခုလပိုင်းထဲမှာကိုပဲ ကျနော်တို့ဆီကို အလင်းဝင်လာတာ သူအပါအဝင်ဆို ၇ ယောက်လောက်ရှိပြီ။ ကိုအေးသန်းထွန်းက ကျနော်တို့ဆီကို ခိုလှုံချင်လို့ ဆက်သွယ်လာတာနဲ့ပဲ ကျနော်တို့တပ်ရင်းရဲ့ တပ်ခွဲ ၄ တပ်ခွဲမှူးနဲ့ ချိတ်ဆက်ပြီးတော့ နယ်မြေခံ တပ်ရင်း ၂၂ က တပ်ရင်းမှူး ကိုနတ်ဆိုးနဲ့ ရဲဘော်တွေရဲ့ အကူအညီနဲ့ သွားရောက် ခေါ်ဆောင်ပေးခဲ့တာပါ။ သူ့ကို ထိုက်သင့်တဲ့ဆုငွေ ပေးအပ်လိုက်ပြီး အခုတော့ သူ့ဆန္ဒအရ သူ့ဇာတိ မိသားစုရှိတဲ့နေရာကို ပို့ဆောင်ပေးထားလိုက်လို့ သူ့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေကြပြီ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း မုံရွာမြို့ပေါ်ကနေ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေကို ပြန်လည်ကယ်ထုတ်ပေးခဲ့တဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။