
ဖိလစ်ပိုင်က အမေရိကန်ရဲ့ အထောက်အပံ့ကို အားကိုးရင်း တောင်တရုတ်ပင်လယ်အတွင်း ခလောက်ဆန်အောင် လုပ်နေတာတွေ ရပ်တန့်သင့်ပြီး မရပ်ရင် လိုချင်တဲ့ရလဒ်နဲ့ ပြောင်းပြန်တွေကို ရင်ဆိုင်ရမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်းဂံက ဧပြီ ၉ ရက်မှာ သတိပေးခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်ရဲ့ ဖိလစ်ပိုင်နိုင်ငံဆီ မကြာသေးမီက လာရောက်လည်ပတ်မှုနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ အမေးကို တုံ့ပြန်ရင်း သတိပေးချက် ထုတ်ပြန်လိုက်တာပါ။
ခရီးစဉ်အတွင်း ဟဂ်ဆီသ်က တရုတ်ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ အမေရိကန်-ဖိလစ်ပိုင် နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူစာချုပ်မှာ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ပြီး နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ တောင်တရုတ်ပင်လယ်အတွင်း ပင်လယ်ပြင် ကင်းလှည့်တာတွေ လုပ်ခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်က ဖိလစ်ပိုင်ဆီ F-16 တိုက်လေယာဉ်တွေရောင်းဖို့ မကြာသေးမီက အတည်ပြုခဲ့ပါတယ်။
ဒီလို ရန်စတဲ့လုပ်ရပ်တွေဟာ တရုတ်နိုင်ငံရဲ့ ပိုင်နက်အချုပ်အခြာအာဏာနဲ့ ရေကြောင်းပိုင်နက်ဆိုင်ရာ အခွင့်အရေးတွေကို ထိခိုက်စေပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ ကျန်းက မှတ်ချက်ပြုခဲ့ပါတယ်။
“နှစ်နိုင်ငံသဘောတူစာချုပ်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်က တောင်တရုတ်ပင်လယ် အရေးမှာ စွက်ဖက်နေတာ၊ တရုတ်ရဲ့ ပိုင်နက်အချုပ်အခြာအာဏာနဲ့ ရေကြောင်းဆိုင်ရာ အခွင့်အရေးတွေကို ထိခိုက်စေပြီး တရုတ်ကို ခြိမ်းခြောက်အကျပ်ကိုင်ဖို့ ကြိုးစားနေတာတွေ၊ ဒီလိုချဉ်းကပ်မှုတွေဟာ ရိုးရိုးရှင်းရှင်းကို အလုပ်မဖြစ်ဘူး” လို့ ထောက်ပြလိုက်ပါတယ်။
ဖိလစ်ပိုင်ဘက်ကလည်း ထပ်ခါတလဲလဲ ချိုးဖောက်မှုတွေနဲ့ ရန်စမှုတွေ လုပ်ခဲ့တာကို အမေရိကန်ပြည်ထောင်စုက ထောက်ပြဖို့ လိုပါတယ်။ တင်းမာမှုတွေ တိုးအောင်လုပ်လာပြီး လက်နက်တွေ ပေးခြင်းအားဖြင့် တောင်တရုတ်ပင်လယ်ကို မတည်ငြိမ်အောင်လုပ်ဖို့ အမေရိကန် ဦးဆောင်တဲ့ ပြင်ပနိုင်ငံတွေက ဆက်ပြီး ကြိုးစားအားထုတ်နေတယ်။ ဒေသတွင်းမှာ ဒုက္ခတွေကို ဖန်တီးဖို့ သူတို့ရဲ့ ရည်ရွယ်ချက် အမှန်ကို ထုတ်ပြနေတာပါပဲ။ လက်တွေ့မကျတဲ့ အတွေးမှားတွေကို စွန့်လွှတ်ပြီး ဆွေးနွေးပွဲ လမ်းကြောင်းမှန်ဆီ ပြန်လာဖို့နဲ့ ပိုစောစောညှိနှိုင်းဖို့ ဖိလစ်ပိုင်ကို တိုက်တွန်းပါတယ်လို့လည်း ကျန်းရှောင်းဂံက ပြောခဲ့ပါတယ်။
Source : Reuters